ဒစ်ဂျစ်တယ်ပြောင်းလဲမှုအတွက် တရုတ်အပေါ် ပါကစ္စတန်၏ မှီခိုအားထားမှုက ကြီးလေးသော အန္တရာယ် အခြေအနေများကို ဖြစ်ပေါ်စေနိုင်

ဒစ်ဂျစ်တယ်ပြောင်းလဲမှုအတွက် တရုတ်အပေါ် ပါကစ္စတန်၏ မှီခိုအားထားမှုက ကြီးလေးသော အန္တရာယ် အခြေအနေများကို ဖြစ်ပေါ်စေနိုင်

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုအတွက် ပါကစ္စတန်သည် အဓိကအားဖြင့် တရုတ်၏ ဒစ်ဂျစ်တယ်ပိုးလမ်းမအပေါ် မှီခိုအားထားလျက် ရှိနေရာ ယင်းက တရုတ်အပေါ် ပါကစ္စတန်၏ ပိုမို အားကိုးအားထားပြုလာနေရမှုကို ပြသလျက် ရှိသည်။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်သည် ယခုအခါ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို လုပ်ဆောင်နေပြီး နည်းပညာနှင့် တယ်လီကွန်မြူနစ်ကေးရှင်းအပေါ် အထူးအာရုံစိုက်နေကြောင်း NIKKEI Asia က ဖော်ပြသည်။

နည်းပညာနှင့် တယ်လီကွန်မြူနစ်ကေးရှင်းအပေါ် အာရုံစိုက်လျက်ဖြင့် တရုတ်-ပါကစ္စတန် အကြား အခရာကျသည့် စီးပွားရေးစင်္ကြန်ကို အဆင့်မြှင့်တင်လျက် ရှိကြောင်း မကြာသေးခင်က ပါကစ္စတန်၏ စီမံကိန်းရေးဆွဲရေးဝန်ကြီးက NIKKEI Asia ကို ပြောခဲ့သည်။ ဒစ်ဂျစ်တယ် စီမံကိန်းများက အကြီးစား ပို့ဆောင်ရေးနှင့် စွမ်းအင် ပရောဂျက်များထက် ပိုမိုနည်းပါးသော ကုန်ကျစရိတ်များနှင့် ပိုမိုမြန်ဆန်သော အချိန်ဇယားများကို ကမ်းလှမ်းပေးနိုင်သည်။ သို့သော် ယင်းတို့တွင် အန္တရာယ်များလည်း ကပ်ပါလာတတ်သည်။

"အနာဂတ်က ဒေတာ ဖြစ်ပါတယ်၊ အရာအားလုံးက ဒစ်ဂျစ်တယ် ဆီ ကူးပြောင်းပါတော့မယ်၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ အီလက်ထရောနစ် စိုက်ပျိုးရေး၊ အီလက်ထရောနစ် ဘဏ္ဍာရေးနဲ့ အီလက်ထရောနစ် ကျန်းမာရေး စတာတွေဖြစ်ပါတယ်" ဟု ပါကစ္စတန်သမ္မတ အရစ်ဖ် အယ်လ်ဗီက ထပ်လောင်း ပြောဆိုထားခဲ့ကြောင်း NIKKEI Asia က ဖော်ပြသည်။

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို လိုအပ်လာခြင်းနှင့်အတူ ပါကစ္စတန်သည် ယင်းကဲ့သို့ လိုအပ်သော လုပ်ငန်းများအတွက် အများစုအားဖြင့် တရုတ်၏ ဒစ်ဂျစ်တယ်ပိုးလမ်းမအပေါ် မှီခိုနေသည်ဖြစ်ရာ ယင်းက ပါကစ္စတန်တို့ တရုတ်ကို အားကိုးနေရပြီး တရုတ်၏ အထောက်အပံ့ခံ ဖြစ်နေပုံကို ပြသလျက် ရှိကြောင်း NIKKEI Asia က ဖော်ပြသည်။

"တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်ရဲ့ ဒစ်ဂျစ်တယ် ရှုထောင့်က ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ ယင်းရဲ့ အားအကောင်းဆုံး ပုံစံဖြစ်လာနိုင်ပါတယ်" ဟု NIKKEI Asia က ဖော်ပြသည်။ ပါကစ္စတန်ရှိ အဓိက မြို့ကြီးများတွင် တရုတ်စောင့်ကြည့်ထောက်လှမ်းမှုကိရိယာများ ရှိနေသည်။

အမှန်တကယ်တွင် ပါကစ္စတန်သည် တရုတ်၏ ဟွာဝေကုမ္ပဏီနှင့်အကြား "ဘေးကင်းလုံခြုံသော မြို့" ဆိုင်ရာ သဘောတူညီချက် အရေအတွက် အများဆုံး လက်မှတ်ထိုးထားသည့် တခုတည်းသော နိုင်ငံဖြစ်သည်ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှု စင်တာ၏ သုတေသနလေ့လာချက်အရ သိရသည်။

သို့သော် လူအများအပြားက ကင်မရာများ၊ ဗီဒီယိုရုပ်သံများနှင့်ပတ်သက်ပြီး လည်ပတ်လုပ်ကိုင်မှုဆိုင်ရာ အခက်အခဲများကို တွေ့ကြုံရကြောင်းနှင့် ဟာ့ဝဲ နှင့် ဆော့ဝဲပိုင်းတွင် ကြားဖြတ်နားထောင်မှု စနစ်များ တပ်ဆင်နေမှုများလည်း ရှိကြောင်း ပြောဆိုခဲ့ကြသည်။ ဟွာဝေက ထိုစွပ်စွဲချက်များကို ငြင်းဆန်ထားကြောင်း NIKKEI Asia က ဖော်ပြသည်။

GPS ၏ အခြားရွေးချယ်စရာတစ်ခုဖြစ်သည့် တရုတ်၏ Beidou ဂြိုဟ်တု navigation စနစ်က ပါကစ္စတန်အတွက် စစ်ဘက်ဆိုင်ရာ လုပ်နိုင်စွမ်းများကို ကမ်းလှမ်းပေးအပ်သည်။ ထို့ပြင် ယင်းက ဖုန်းများ၊ fitness လက်ပတ်များနှင့် အခြားလူသုံးကုန်နည်းပညာပစ္စည်းများအတွက် တည်နေရာဝန်ဆောင်မှုများအပါအဝင် အရပ်ဘက်ဝန်ဆောင်မှုများကိုလည်း ပါကစ္စတန်ကို ထောက်ပံ့ပေးအပ်သည်။

"ပါကစ္စတန်ဟာ တရုတ်နိုင်ငံပြင်ပမှာ Beidou ရဲ့ စစ်ဘက်ဝန်ဆောင်မှုတွေကို ရရှိသုံးစွဲခွင့်ရထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်၊ အဲဒီဝန်ဆောင်မှုတွေက အရပ်ဘက် ဗားရှင်းထက် ပိုပြီးတော့ လုပ်နိုင်စွမ်း မြင့်ပြီး ဒုံးကျည်တွေ၊ သင်္ဘောတွေ၊ လေယာဥ်တွေကို လမ်းပြနိုင်ပါတယ်" ဟု NIKKEI Asia က ဖော်ပြသည်။

သိသာထင်ရှားသည့်အချက်က တရုတ်ချေးငွေများ၊ အခြားဝန်ဆောင်မှုများကို ပါကစ္စတန်သို့ ပေးပို့ထောက်ပံ့မှုက ပါကစ္စတန်အပေါ်တွင် တရုတ်၏ ချုပ်ကိုင်မှုကိုသာ ပိုမို အားကောင်းစေရုံသာ ရှိနေသည်။ သို့သော် တရုတ်အပေါ်တွင် ဒစ်ဂျစ်တယ်ဆိုင်ရာ မှီခိုအားထားမှုက ပိုမိုကြီးမားပြီး၊ ပိုမိုအသစ်ဖြစ်သည့် အန္တရာယ်များကို ဖြစ်ပေါ်စေသည်။ တရုတ်အနေဖြင့် ပါကစ္စတန်၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံနှင့် ထောက်လှမ်းရေးပိုင်းအပေါ် စောင့်ကြည့်နိုင်၊ စွက်ဖက်နိုင်သည်ဖြစ်ရာ ယင်းက နောက်ထပ် အန္တရာယ်များကို ဖြစ်ပေါ်စေလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly