ပါကစ္စတန် ဂီဂစ်-ဘောလ်တီစတန်၌ ဂျုံခွဲတမ်း လျှော့ချခံရမှုအတွက် ဒေသခံများ ဆန္ဒပြ

By Indiablooms
21 December 2021
ပါကစ္စတန် ဂီဂစ်-ဘောလ်တီစတန်၌ ဂျုံခွဲတမ်း လျှော့ချခံရမှုအတွက် ဒေသခံများ ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ၏ ဂီဂစ်-ဘောလ်တီစတန်ဒေသ၌ အစိုးရက အရည်အသွေးမကောင်းသည့် ဂျုံများ ထောက်ပံ့မှုနှင့် ဒေသအတွက် ထောက်ပေးကြေးပေးထားသည့် ဂျုံခွဲတမ်းပမာဏ လျှော့ချခံရမှုတို့နှင့်ပတ်သက်ပြီး ဒေသခံပြည်သူများက ဒီဇင်ဘာ ၉ ရက်တွင် လမ်းများကို ပိတ်ဆို့ကာ စုဝေးဆန္ဒပြခဲ့ကြသည်။

အာဏာရ ပါကစ္စတန် တေရိခ်-အီ- အင်န်ဆက်ဖ် (PTI) ပါတီ၊ အတိုက်အခံ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) နှင့် ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) တို့မှ ပါတီဝင်များအပါအဝင် ဆန္ဒပြသူများက ယင်းနေ့က အဓိကကျသည့် ဇူလ်ဖီကာရာဘတ် လမ်းနှင့် ကာရာကိုရမ် အဝေးပြေးလမ်းမကြီးတို့ကို နာရီများစွာကြာ ပိတ်ဆို့ပြီး ကားတာယာဟောင်းများကို မီးရှို့ခဲ့ကြကာ အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်များအပေါ် ဆန့်ကျင်ကြွေးကြော်မှုများ အော်ဟစ်ခဲ့ကြကြောင်း Dawn News က ဖော်ပြသည်။

၎င်းတို့ ဒေသအတွက် အရည်အသွေးညံ့ဖျင်းသည့် ဂျုံများ ထောက်ပံ့ပေးနေသည်မှာ လများနှင့်ချီ ကြာနေပြီဖြစ်သည်ဟု ၎င်းတို့က အခိုင်အမာ ပြောခဲ့ကြောင်း သတင်းစာက ဖော်ပြသည်။

ထို့ပြင် နိုင်ငံ၏ ဖက်ဒရယ်အစိုးရသည်လည်း ဂီဂစ်-ဘောလ်တီစတန်အတွက် ထောက်ပံ့ကြေးပေးထားသည့် ဂျုံခွဲတမ်းပမာဏကို လျှော့ချထားခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။

ဆန္ဒပြမှုတွင် ပါဝင်သူများက ၎င်းတို့၏ တောင်းဆိုချက်များကို ဆန္ဒထုတ်ဖော်တောင်းဆိုရန်အတွက် ခိုမာဒေသရှိ လမ်းများကို ပိတ်ဆို့ထားခဲ့ကြသည်။

ယင်းနောက် ဝန်ကြီးချုပ်၏ ဥပဒေဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဆေယက်ဒ် ဆိုဟေးလ် အဘက်စ် ရောက်လာခဲ့ပြီး ဒေသ၏ ထောက်ပံ့ကြေးပေးထားသော ဂျုံခွဲတမ်းပိုင်းတွင် အပြောင်းအလဲ မရှိကြောင်း ဆန္ဒပြသူများကို ပြောခဲ့သည်ဟု Dawn News က ဖော်ပြသည်။

ဂီဂစ်-ဘောလ်တီစတန်အစိုးရအနေဖြင့် စောလျင်စွာ ဖြေရှင်းချက် ရရေးအတွက် ဖက်ဒရယ် အစိုးရနှင့်အကြား အခြားဆက်စပ်ကိစ္စရပ်များကို တင်ပြဆွေးနွေးသွားမည်ဟု အကြံပေးပုဂ္ဂိုလ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly