မန္တလေးတွင် We Chat ဖြင့် ကျောက်စိမ်း ရောင်းဝယ်နေသူ အယောက် ၂၀၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းခေါ်သွား

မန္တလေးတွင် We Chat ဖြင့် ကျောက်စိမ်း ရောင်းဝယ်နေသူ အယောက် ၂၀၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းခေါ်သွား

ဒီဇင်ဘာလ ၂၀ ရက်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း နှင့် ၄၃လမ်း အနီးတွင် အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက် တစ်ခုဖြစ်သည့် We Chat ဖြင့် ကျောက်စိမ်း‌ အရောင်းအဝယ် ပြုလုပ်သူ ဦးရေ၂၀၀ခန့်ကို စစ်ကောင်စီ လက်နက်ကိုင်များက ယနေ့  ဒီဇင်ဘာလ ၂၀ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။ 

"ဘုရားကြီးနားမှာ ဝီချက်(We Chat )နဲ့ လုပ်နေတဲ့သူတွေ အဖွဲ့လိုက်ကြီးပါသွားတာ။ ဘေးနားမှာ ရပ်ထားတဲ့ ကားပိုင်ရှင်တွေရော ပါတယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ ဝင်ဆွဲသွားတာဗျ"ဟု ကျောက်မျက်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးကဆိုသည်။ 

ဖမ်းဆီးခံရသူ တစ်ဦးလျှင် ကျပ် ၁၀သိန်းဖြင့် ရွေးယူရမည်ဟု သတင်းထွက်နေသော်လည်း လက်ရှိအချိန်အထိ အဖမ်းခံရသူများကို ဆက်သွယ်၍မရသေးကြောင်း ဒေသခံများကဆိုသည်။ 

ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်  ဝင်ဖမ်းရန် အချုပ်ကားများနှင့် လက်နက်ကိုင်အင်အားများ ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်ပြီး မကြာခင်ပင် ကျောက်မျက်ရောင်းဝယ်ရေး လုပ်ဆောင်နေသူများ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့်လက ကျောက်မျက်ရောင်းဝယ်ရေး လုပ်သူများကို ကျောက်ဝိုင်းအတွင်း အရောင်းအဝယ်မလုပ်ဘဲ အပြင်တစ်နေရာတွင် အရောင်းအဝယ်လုပ်ပါက ပစ်သတ်မည်ဟုလည်း စစ်ကောင်စီတပ်များကခြိမ်းခြောက်ထားသေးသည်။ 

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။ ကျောက်ဝိုင်းဖွင့်လှစ်ခွင့်ရစဉ်က အရောင်းအဝယ်ပြုနေကြသည့်မြင်ကွင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required