လေးကေကော် ထိန်းသိမ်းခံ လွှတ်တော်အမတ်နှင့် ဆက်စပ်သူ ၇ဦး ဖမ်းဆီးခံရ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
20 December 2021
လေးကေကော် ထိန်းသိမ်းခံ လွှတ်တော်အမတ်နှင့် ဆက်စပ်သူ ၇ဦး ဖမ်းဆီးခံရ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်။

ဧရာဝတီတိုင်း မြောင်းမြမြို့ မှဒေသခံ ခုနှစ်ဦးအား လေးကေ့ကော်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံထားရသည့် အမတ်နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားသည်။

ကရင်ပြည်နယ်ရှိ လေးကေ့ကော် မြို့သစ်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ ကဖမ်းဆီးထားသည့် မြောင်းမြမြို့နယ် ၂၀၂၀ ခုနှစ် ရွေးကောက်ခံ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင် နှင့် ဆက်သွယ် သည်ဆိုကာ မြောင်းမြမြို့ခံများကို ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။

မြောင်းမြမြို့၊ အမှတ် ၈ ရပ်ကွက်၊ ရပ်ကျေး စာရေးမ ဒေါ်မခိုင်နှင့် ယင်း၏ ယောင်္ကျားဖြစ်သူ ဦးချစ်ကို၊ မျိုးဆက်သစ် ဘော်ဒါဆောင်မှ ဆရာဦးမင်းမင်း အပါအဝင် မြိုခံ ခုနှစ် ဦးကို မြောင်းမြရှိ စစ်ကောင်စီ၏ တပ်ဖွဲ့က ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

"မခိုင်ကတော့ ပြန်လွတ်လာပြီ။ ဘာကြောင့် ဖမ်းတာလဲ မေးလို့မရပါဘူး။ သူယောကျ်ားကို ဘယ်မှာ ဖမ်းထားလဲ ဆိုတာ သူမသိဘူးတဲ့။ သူက ပြောချင်ပုံမရဘူး" ဟု ဒေါ်မခိုင် မိသားစု နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖမ်းဆီးခံထားရသူများအနက် ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက အမှတ် ၈ ရပ်ကွက် ထွေ/အုပ် စာရေးမ ဒေါ်မခိုင် ပြန်လည်လွတ်မြောက်လာပြီး ဖမ်းဆီးစဉ်အချိန်က ၎င်းအားလုံး၏ ဖုန်းများကို စစ်ကောင်စီတပ်ဖွဲ့က သိမ်းယူသွားသည်။

ကျန်ရှိနေသူများအား မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရသေးသည့်အတွက် စိုးရိမ်နေကြရ သည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။

ယခုဖမ်းခံထားရသည့် မြောင်းမြမြို့ခံ ခုနှစ် ဦးသည် အသက် ၄၀-၅၀ နှစ် ကြား အရွယ်များ ဖြစ်သည်ဟု ဒေသခံများ က ဆိုသည်။

အာဏာသိမ်း စစ်တပ်သည် ဒေသတိုင်းတွင် လူအခွင့်အရေး ချိုးဖောက်မှုကို ပိုမိုကျုးလွန်လာကြောင်း ဧရာဝတီ လူ့အခွင့်အရေး တက်ကြွသူများအဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။

လေးကေ့ကော်တွင် စစ်ကောင်စီတပ်ကဝင်ရောက် ဖမ်းဆီးသွားသူများထဲတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်၊ မြောင်းမြခရိုင်ရှိ အိမ်မဲ-ဝါးခယ်မ မြို့နယ်၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးလည်း ဖမ်းဆီးခံထားရသည်ဟု မြောင်းမြခရိုင် NLD အသိုင်းအဝိုင်းထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly