ဖားကန့်လုံးခင်းတံတား ဘိလပ်မြေအိတ် ၅၀၀ ခန့်တင် ၁၂ ဘီးကားဖြတ်သန်းစဉ်ကျိုးကျ

ဖားကန့်လုံးခင်းတံတား ဘိလပ်မြေအိတ် ၅၀၀ ခန့်တင် ၁၂ ဘီးကားဖြတ်သန်းစဉ်ကျိုးကျ

ဒီဇင်ဘာလ ၁၉ ရက်

နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိ ဖားကန့်မြို့ နယ် လုံးခင်း​ကျေးရွာအုပ်စုရှိ သံတံတားတစ်စင်း ယမန်‌ နေ့ည ၈ နာရီခန့်က ဘိလပ်မြေသယ်ဆောင်လာသော ၁၂ ဘီးကားဖြတ်သန်းစဉ် ကျိုးကျခဲ့ကြောင်းသိရသည်။

ဖားကန့်လုံးခင်းရတနာမြေအတွင်းက ငြိမ်းချမ်းသာယာရပ်ကွက်နှင့် လုံးခင်းရပ်ကွက်ကို ချိတ် ဆက်ထားသည့် ဘိလပ်မြေ​အိတ် ၅၀၀ခန့်တင်ဆောင်ကာ တံတားပေါ် ​ဖြတ်သန်းစဥ် ပေ၁၀၀ခန့် အရောက်တွင်တံတားကျိုးကျခဲ့ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

" ဒီ သံဘေလီ တံတားက နှစ်ကာလကြာမြင့်ပြီဖြစ်လို့ ကားကြီးတွေ အတွက် တံတား တစ်ခုဆောက်လုပ်ပေးထားတယ်။ ဒီ တံတားက အသွားအလာအဆင်ပြေနိုင်ဖို့ ၁၃ တန် ယဥ်တွေပဲ ခွင့်ပြုထားတာ ၊ အခုက ဘယ်ကနေ ဘယ်လိုဖြစ်လို့ ဒီ တံတားကို ဖြတ်ခဲ့လည်းတော့ မသိရဘူး။ " ဟု ၎င်း ကပြောသည်။

ဥရုချောင်းကိုဖြတ်ကျော်တည်ဆောက်ထားသော သံဘောင်ဘေလီတံတားကျိုးကျမှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းကို လုံးခင်းရဲစခန်းသို့ ခေါ်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။ 

ယခုကျိုးကျသည့် တံတားကြီး သက်တမ်းရင့် ဆွေးမြည့်လာသည့်အတွက် ကုန်တင်ယာဉ်နှင့် အကြီးစားမော်တော်ယာဉ် ဖြတ်သန်းခွင့်မပြုထားဘဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက် ထက်၂၀၁၉ ခုနှစ် အောက်တိုဘာလကစ၍ တံ တားပေါ်တွင်အိမ်စီးကားအသေးနှင့် ဆိုင်ကယ်သာ ဖြတ်သန်းသွားလာရန် ခွင့်ပြုထားခဲ့သည်။

သို့သော် ကြီးကြပ်စိစစ်မယ့်သူမရှိသလို ညအချိန်များတွင် တံတားဟောင်းကို ကုန်တင်ကားတွေ အလွယ်တကူ ဖြတ်မောင်းလေ့ရှိသည်ဟု ဒေသခံများကပြောသည်။

လုံးခင်းတံတားသည် တချိန်က ဖားကန့်မြို့ကို မြန်မာပြည် အရပ်ရပ်က မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာကြရသည့်အကျယ် ရှစ်ပေနှင့် အရှည် ၆၀ ပေခန့်ရှိသောတံတားဖြစ်ပြီး ၂၀၁၉ ခုနှစ်က အသေးစားပြုပြင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly