မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၇ ဦး ကျဆုံးဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၇ ဦး ကျဆုံးဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

ဒီဇင်ဘာလ ၁၈ ရက်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မြောက်ပိုင်း အုတ်ဖိုရွာအနီး၌ စစ်ကောင်စီတပ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်း ၃ နာရီ ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ရာ ခုနစ်ဦး သေဆုံးကြောင်း မြိုင်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (Myaing PDF) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ခွန့်ချိမ့်က မဇ္စျိမကို ပြောသည်။ 

အင်အား ၁ဝဝ ဝန်းကျင် ပါရှိသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မြိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Myaing PDF) နှင့် Myaing Villages Revolution Front (MVRF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က သူတို့လာတာ သိလို့ ကင်းပုန်းဝပ်ထားတာ။ အဲ့ဒီအချိန် အင်အား ၂ဝ လောက်က အရင်တက်လာတာ။ ကျွန်တော်တို့ ကင်းပုန်းဝပ်နေတဲ့ ကလေးတွေက တက်လာတဲ့ အင်အား ၂ဝ လောက်ကို ပစ်လိုက်တာ။ သေဆုံးတဲ့ထဲမှာ လေးယောက်က ရဲကို စစ်သားဝတ်စုံ ဝတ်ပေးထားတဲ့ သူတွေ။ အောက်က ရဲယူနီဖောင်း၊ အပေါ်က ကုတ်က စစ်သားဝတ်စုံနဲ့ဗျ။ ကျန်သုံးဦးကတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ဒေသခံ ကာကွယ်ရေးတပ်များ အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း Myaing PDF က ဆိုသည်။ 

သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး၏ အလောင်းများကို ရေစကြိုမြို့နယ်၊ မအူမြို့ ဘက်မှ စစ်ကောင်စီတပ်များက ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် လာရောက် ကောက်ယူခဲ့ကြောင်း Myaing PDF တာဝန်ခံက ပြောသည်။

မြိုင်မြို့နယ်သည် ဒီဇင်ဘာလ ၁၄ ရက်မှ စတင်ကာ စစ်ကောင်စီတပ်၏ စစ်ကြောင်း သုံးကြောင်းထိုး တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး ပုလဲ-ခင်အေး၊ မြိုင်- မင်းသားကျ၊ မြိုင်- သက်ကယ်ကန်  တို့ဘက်မှ စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required