ပုသိမ်မြို့တွင် PDF နှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲကာ လူတစ်စုက ဖုန်းဆက်ငွေညှစ်မှုများ ရှိနေဟုဆို

ပုသိမ်မြို့တွင် PDF နှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲကာ လူတစ်စုက ဖုန်းဆက်ငွေညှစ်မှုများ ရှိနေဟုဆို

ဒီဇင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် မသမာသူ လူတစ်စုက ပြည်သူများကို PDF နှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲကာ ထိုအကြောင်းကို စစ်ကောင်စီထံ သတင်းမပေးစေလိုပါက Wave Pay မှ တစ်ဆင့် ငွေလွှဲပေးရမည်ဟု ဖုန်းဆက်ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း ခြိမ်းခြောက်ခံခဲ့ရသူထံက သိရသည်။

NLDထောက်ခံသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့ဖူးသူများကို အဓိကရွေးချယ်ကာ ဖုန်းခေါ်ခြင်း၊ လူမှုကွန်ရက်တွင် ဖွင့်လှစ်ထားသည့် အကောင့်အတုမှတစ်ဆင့်  ယခင် ဆန္ဒပြခဲ့စဉ်အချိန်က ရိုက်ခဲ့သည့်ပုံအဟောင်းများကို ပေးပို့ခြင်းဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။ 

နေအိမ်ချိပ်ပိတ်ခံရခြင်းနှင့် ဖမ်းဆီးနှိပ်စက်ခံရခြင်း မကြုံတွေ့လိုပါက ငွေလွှဲပေးရန် ပြောဆိုသည်ဟုလည်း သိရသည်။

“အရင် NLDက ပရဟိတကိစ္စတွေမှာ ကျွန်တော်အလှူခံထည့်တုန်းက ပုံတွေကို အကောင့်အတုတစ်ခုကနေ လာပို့တယ်။ အခု PDF ကို ထောက်ပံ့နေတာ သိတယ်ပေါ့။ မဖမ်းစေချင်ရင် အိမ်ချိပ်ပိတ်မခံရချင်ရင် ငွေပေးရမယ်ပေါ့။ အဲ့လိုခြိမ်းခြောက်လာတာ ကျွန်တော်က အခုနောက်ပိုင်းမှာ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေတာမို့ အဲ့ဒါတွေမသိပါဘူး။ အရင်ထဲက ရင်းနှီးတဲ့ ရဲတစ်ယောက်ကို ကျွန်တော်က အဲ့ဒါဖွင့်ပြောပြီး အကူအညီတောင်းတော့ ကျွန်တော့်လို အပို့ခံရသူတွေ အများကြီးရှိတယ်လို့ ပြောတယ်။ သူတို့ဘက်မှာလည်း ဒလန်စာရင်းမသွင်းစေချင်ရင် ဘယ်လောက်ပေးရမယ်ဆိုပြီး ဘယ်ကမှန်းမသိတာတွေက တောင်းတာတွေရှိတယ်လို့ပြောတယ် ။ ပေးကြလား မပေးကြလားတော့ မသိဘူး။ တမင်ကို အခုချိန်မှာ ဘယ်ကမှ မဟုတ်ဘဲ ခြိမ်းခြောက်လုပ်စားနေတဲ့ အဖွဲ့ရှိနေကြောင်း အသိပေးလိုတာပါ”ဟု ကိုယ်တိုင်ခြိမ်းခြောက်ခံခဲ့ရသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ခြိမ်းခြောက်ငွေတောင်းခံရာတွင် ၎င်းတို့ အသုံးပြုသည့်  Wave Pay ဖုန်းနံပါတ်ကို ပေးခြင်းမဟုတ်ဘဲ ခြိမ်းခြောက်ခံရသူ ကိုင်ဆောင်ထားသည့် ဖုန်းနံပါတ်တစ်ခုခုထံသို့  ငွေလွှဲစေကာ ငွေလွှဲလုပ်ငန်း နံပါတ်စဉ်နှင့် ငွေထုတ်ရန် လျှို့ဝှက်နံပါတ်ကိုသာ ပေးပို့ရန် ခိုင်းစေခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ထိုသို့ ခြိမ်းခြောက်ငွေတောင်းခံရသူ လေးဦးအထိရှိပြီဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required