လွတ်လပ်ရေးရဲ့ နောက်ကွယ်မှာ ဘာတွေလုပ်သင့်သလဲ

လွတ်လပ်ရေးရဲ့ နောက်ကွယ်မှာ ဘာတွေလုပ်သင့်သလဲ

အင်္ဂလိပ် ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရခဲ့သည်မှာ ၂၀၁၆ ခုနှစ်တွင် ၆၈ နှစ်ရှိခဲ့ပါပြီ။ လွတ်လပ်ရေးဟူသည်နှင့် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့် လွတ်လပ်ရေးအကြောင်း သတိရှိသင့်လှသည်။ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးမရမီ လွတ်လပ်ရေး ရတော့မည်ဟူသည့် အသိဖြင့် မြစ်ဝကျွန်းပေါ်ဒေသ လမ်းပေါ်တွင် ဆေးရိုးများ တက်လှမ်းသည်ကို ဥပမာပေးလျက် လွတ်လပ်ရေးသည် ထိုကဲ့သို့ လွတ်လပ်ရေးမျိုးမဟုတ်ကြောင်း ဗိုလ်ချုပ်က ဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဝသီအတိုင်း ပွင့်ပွင့်လင်းလင်းနှင့် ဒဲ့တိုးပြောခဲ့သည်ကို အနှစ်ချုပ်ပါက စည်းကမ်းရှိကြဖို့ မှာခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရခဲ့သည်မှာ ၆၈ နှစ် ရှိခဲ့ပါပြီ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ မည်မျှစည်းကမ်းရှိကြပါပြီလဲ။ စည်းကမ်းရှိမှ တိုးတက်မည်ဟူသည့် ဆိုင်းဘုတ်ကပ်ရုံဖြင့် မတိုးတက်နိုင်သည်ကို ပြေးမကြည့်ဘဲ သိနိုင်ပါသည်။

အမီအခိုကင်းသော သူတစ်ပါးလက်အောက်မှ လွတ်မြောက်ပြီဖြစ်သော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိပြီဖြစ်သော မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မည်သည့် အတွက်ကြောင့် နောက်ကျ နေခဲ့ပါသနည်း။ လွတ်လပ်ရေးရအပြီး ကာအလတန်ကြာပြီးနောက် အာဏာရှင် လက်အောက်သို့ ကျရောက်ခဲ့ခြင်းကြောင့်ဟု အကြောင်းပြချက်ပေးနိုင်ပါသည်။

ဤအကြောင်းပြချက် ခိုင်လုံပါသည်။ အာဏာရှင် စနစ်နှင့်အတူ စည်းကမ်းမဲ့မှုများက ဒွန်တွဲပါလျက်ရှိနေသည်ကို သတိချပ်စေလိုပါသည်။ အမှိုက်ပြဿနာမှအစ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာခြင်းကြောင့် စည်းကမ်းရှိမှ တိုးတက်မည်ဟူသည့် ဆိုင်းဘုတ် အဟောသိကန် ဖြစ်သွားခြင်းပင်။

ဗိုလ်ချုပ်တို့ခေတ်က လမ်းများပေါ်တွင် ဆေးရိုးတက်လှမ်းခဲ့သည့် အခြေအနေအတိုင်း ယနေ့ ရန်ကုန်မြို့တွင်း အခြေအနေအချို့ကို မီးမောင်းထိုးပြလိုသည်။ လမ်းများပေါ်တွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းက အစချီရမည်ဖြစ်သည်။ မိမိသုံးစွဲသည့် အမှိုက်ကိုပင် စနစ်တကျ မစွန့်ပစ်တတ်ပါက မိမိလည်း တိုးတက်သူ မဖြစ်နိုင်သကဲ့သို့ မိမိတို့နိုင်ငံသည်လည်း တိုးတက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်မလာနိုင်ပါ။

ယနေ့ခေတ် ရန်ကုန်အခြေအနေသည် လူဦးရေ ထူထပ်ခြင်း၊ ကားမျိုးစုံ ပေါများလာခြင်းတို့ တွေ့မြင်နိုင်သည်။ သို့သော် ကားများသည် လူကူးမျဉ်းကျားတွင် လူကူးနေပါလျက် အရှိလျော့မပေးခြင်း၊ လူကူးမျဉ်းကျားပေါ်တွင်ပင် လူတင်လူချ ပြုလုပ်ခြင်းတို့ တွေ့မြင်နိုင်သည်။ လူတစ်ဦးချင်းစီ၏ စည်းကမ်းမဲ့မှုများပင်ဖြစ်သည်။

လွတ်လပ်ရေးရရှိသည်မှာ ၆၈ နှစ်ရှိခဲ့ပါပြီ။ ခေတ်မီပြီး ဖွံ့ဖြိုးသည့် နိုင်ငံတစ်ခုအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ကိုယ်စီရှိပါသည်။ ထိုတာဝန်မှာ အမှိုက်ကအစ စည်းကမ်းရှိရှိ ပစ်ကြဖို့ပင်ဖြစ်သည်။ သို့မဟုတ်ပါက လွတ်လပ်ရေးရသည်မှာ ၆၈ နှစ်မှသည် ၆၈၀ နှစ်တိုင်အောင် အနှစ်သာရမရှိသည့် လွတ်လပ်ရေး ဖြစ်နေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required