ဒီဇင်ဘာလ ၁၇ ရက်
ယူကရိန်းနိုင်ငံအပေါ် ရုရှက တိုက်ခိုက်လာမှာကို အနောက်အုပ်စုက ဟန့်တားနိုင်ဖို့ ကြိုးစားနေရချိန်မှာပဲ ယူကရိန်း အရှေ့ပိုင်းက ရှေ့တန်းမှာ ရုရှလိုလားတဲ့ သူပုန်တွေနဲ့ တိုက်ခိုက်နေရတဲ့ ယူကရိန်းစစ်သားတွေက နေတိုးအဖွဲ့ဝင်ဖြစ်မှပဲ ရုရှရန်ကနေ ယူကရိန်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောကြပါတယ်။
ခွဲထွက်ရေးသမားတွေရဲ့ အမာခံဖြစ်တဲ့ ဒွန်နက်စ်မြို့ အပြင်ဖက်က ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ ပီစကီကျေးရွာမှာ တပ်စွဲရင်း ရေခဲမှတ်အပူချိန်အောက်မှာ ယူကရိန်းစစ်သားတွေဟာ ကတုတ်ကျင်းတွေထဲ ကင်းလှည့်နေရပါတယ်။
သူတို့ရဲ့ အနောက်ဖက်မှာတော့ ရှစ်နှစ်နီးပါး စစ်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ လူနေအိမ်တွေကို မြင်တွေ့ရသလို ကားဂိုထောင်တွေထဲမှာ ဆိုဗီယက်ခေတ် ကားတွေကို စွန့်ပစ်ထားရစ်တာကိုလည်း တွေ့မြင်ရပါတယ်။
ယူကရိန်းနယ်စပ်နားမှာ တပ်အင်အား တစ်သိန်းနီးပါး တပ်ချထားတဲ့ ရုရှနိုင်ငံက အကြီးစား တိုက်ခိုက်မှုကြီး ဆင်နွှဲလာမယ်ဆိုပြီး မကြာသေးတဲ့ သီတင်းပတ်တွေမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့တာပါ။
ထိုးစစ်တစ်ရပ်ကို ဆင်နွှဲခဲ့တယ်ဆိုရင်တော့ မကြုံဖူးလောက်အောင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်ရမယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှကို သတိပေးထားပါတယ်။
ဒါပေမဲ့ ယူကရိန်းစစ်သားတွေကတော့ ဒဏ်ခတ်ပိတ်ဆို့မှုက အရာရောက်မှာ မဟုတ်ဘဲ ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်မှပဲ အကူအညီဖြစ်လိမ့်မယ်လို့ ပြောဆိုကြပါတယ်။
ဆိုဗီယက်စစ်တပ်မှာ လူငယ်ဘဝကတည်းက အမှုထမ်းခဲ့သူ အသက် ၅၆ နှစ်ရှိ ဗစ်တာဟာ တစ်ချိန်ကတော့ နေတိုးကို ရန်သူလို ရှုမြင်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ ဆိုဗီယက်ယူနီယံကို တန်ပြန်နိုင်ဖို့ ယူကရိန်းက အနောက်မဟာမိတ်နဲ့ ပူးပေါင်းသင့်တယ်ဆိုတဲ့အပေါ် သံသယ စိုးစဉ်မျှ မရှိတော့ပါ။
“တကယ်လို့ ကျွန်တော်တို့ကို ရုရှက တိုက်ခိုက်လာရင် ကျွန်တော်တို့ဘာသာ ရင်ဆိုင်ဖြေရှင်းဖို့ဆိုတာ အတော်လေး အခက်တွေ့မှာ ဖြစ်ပါတယ်”လို့ ဗစ်တာက ပြောပါတယ်။
နေတိုးအုပ်စုဟာ ရုရှနဲ့ ပဋိပက္ခ ပိုမို ဆိုးဝါးမှာကို မလိုလားတာကြောင့် ယူကရိန်းအရေးမှာ မပါဝင်ဘဲ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
ဆိုဗီယက်ဟောင်း တောင်ပိုင်း အိမ်နီးချင်း ယူကရိန်းအနေနဲ့ နေတိုးအုပ်စုထဲ ဝင်ရောက်တာဟာ ရုရှအတွက်တော့ ကန့်သတ်စည်းကို ကျော်လွန်တာပဲလို့ ယူဆကြောင်း ရုရှနိုင်ငံက သတိပေးထားတာလည်း ဖြစ်ပါတယ်။