စစ်ကောင်စီတပ်က လေးကေ့ကော်မြို့တွင် ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးမှုများမှာ ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်းဖြစ်ဟု KNU ထုတ်ပြန်

စစ်ကောင်စီတပ်က လေးကေ့ကော်မြို့တွင် ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးမှုများမှာ ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်းဖြစ်ဟု KNU ထုတ်ပြန်

ဒီဇင်ဘာလ ၁၇ ရက်

စစ်ကောင်စီတပ်များက လေးကေ့ကော်မြို့တွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးမှုများလုပ်သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းသို့ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးမှုများမှာ ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်းဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး( KNU) က ထုတ်ပြန်ကြေညာသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက်ရှိ ငြိမ်းချမ်းရေး အထိမ်းအမှတ် လေးကေ့ကော်မြို့သစ်တွင် ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး KNU က ဒီဇင်ဘာလ ၁၆ ရက် ညပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

လေးကေ့ကော်မြို့၏ ရှုခင်းသာတောင်ကုန်းပေါ်တွင် တပ်ချထားသည့် စစ်ကောင်စီတပ် စကခ ( ၈ )လက်အောက်ခံ ခမရ (၅၆၀) မှ ဒီဇင်ဘာလ ၁၄ ရက်တွင် လေးကေ့ကော်မြို့တွင်းသို့ ဝင်ရောက်ရှာဖွေစစ်ဆေးကာ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညနေပိုင်းတွင် ၎င်းတို့တပ်ချထားရာ ရှုခင်းသာတောင်ကုန်းပေါ်သို့ ပြန်လည်ထွက်ခွာခဲ့သည်။

မြို့တာဝန်ရှိသူများအနေဖြင့် စစ်ကောင်စီတပ်များ၏ အစီအစဉ်ကို ကြိုတင်သိရှိထားသည့်အတွက် လေးကေ့ကော်မြို့တွင် လာရောက်ခိုလှုံသူများကို ရှောင်တခင်တိမ်းရှောင်နေထိုင်ရန် အသိပေးခဲ့သော်လည်း အချို့မှာ တိမ်းရှောင်နေထိုင်ခြင်းမရှိခဲ့ကြောင်း KNU က ဆိုသည်။

စစ်ကောင်စီတပ်များက မြို့တွင်းဝင်ရောက် ရှာဖွေစစ်ဆေးမှု၊ ဖမ်းဆီးမှုများ ပြုလုပ်နေချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အနေဖြင့် စစ်ရေးပြင်ဆင်မှု အသင့်အနေအထားတွင် ရှိခဲ့သော်လည်း ပြည်သူလူထု၏ အသက်အန္တရာယ် ထိခိုက်မှုအတွက် ပစ်ခတ်ခြင်းမလုပ်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

သို့သော် ဒီဇင်ဘာလ ၁၅ ရက်တွင် စစ်ကောင်စီတပ်များက လေးကေ့ကော်မြို့တွင်း ထပ်မံဝင်ရောက်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည့် အပြင် နေအိမ်အချို့ကို ဖျက်ဆီးသည့်အတွက် ထိုနေ့ နံနက် ၁ဝ နာရီဝန်းကျင်တွင် KNLA တပ်ရင်း (၂၇ ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိုနေ့ ညနေ ၅ နာရီဝန်းကျင်တွင် ပစ်ခတ်မှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သည်။

ပစ်ခတ်မှု နှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်ကြပ်တစ်ဦး အပါအဝင် လေးဦးသေဆုံးကာ ဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၆ ရက်တွင် တပ်အင်အား တိုးချဲ့ရန်လာရောက်သည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့တို့ ကျွန်းတောအရပ်တွင် KNLA နှင့် တစ်နေ့လုံးနီးပါး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု စာရင်းကို KNLA က အတည်ပြုဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ ၄‚၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံလာသူ ဦးရေ ၁‚ဝဝဝ ဝန်းကျင်ရှိကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။

လေးကေ့ကော်မြို့သစ်ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေး အထိမ်းအမှတ် အဖြစ် ဂျပန်နိုင်ငံ နိပွန်ဖောင်းဒေးရှင်းက ကမကထ ပြုလုပ်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required