စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲ

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲ

ဒီဇင်ဘာလ ၁၆ ရက်

ကရင်ပြည်နယ်၊ လေးကေ့ကော် တိုက်ပွဲစဉ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တစ်လုံး ယနေ့ ဒီဇင်ဘာ ၁၆ ရက် နေ့လည်ပိုင်းက ထိုင်းနိုင်ငံဘက်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကျည်ကျတဲ့နေရာက မယ်ထော်တလေးနဲ့ဆို ကပ်ရပ်ပဲဗျ။ ဟိုဘက်ကမ်း ဒီဘက်ကမ်းဆိုတော့ အဲ့မှာပစ်ရင်း ကျော်တာဖြစ်မယ်။ သောင်ရင်းမြစ် ဟိုဘက်၊ ဒီဘက်ပဲ” ဟု လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးမှူးဖြစ်သူက မဇ္ဈိမသို့ ပြောသည်။

မယ်ထော်တလေးရွာ အနီးတစ်ဝိုက်တွင် ယနေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့များ တိုက်ပွဲဖြစ်နေပွားနေပြီး အထိအခိုက် အတိအကျကို ညနေပိုင်းအထိ မသိရသေးပေ။

အမြောက်ကျည်ဆံကျသည့် ထိုင်းဘက်ခြမ်းသည် မြဝတီမြို့နှင့်ဆိုပါက ခြောက်မိုင်ခန့်သာ ဝေးသည့်နေရာ ဖြစ်ကြောင်း သောင်ရင်းမြစ် တစ်ဘက်ကမ်းတွင်ရှိသော ထိုင်းနိုင်ငံ မဲ့ကုတ်ကင်းကျေးရွာ ဒုက္ခသည်စခန်းသို့ သွားရာလမ်းလည်း ဖြစ်ကြောင်း၊ လေးကေ့ကော်မြို့သစ်၏ အနောက်မြောက်ဘက်ရှိ အမြောက်ကုန်းမှ ပစ်သည်ဟုလည်း ယူဆကြောင်း ၎င်းကဆိုသည်။

အဆိုပါ အမြောက်ကျည်ဆံ ကျရောက်မှုကြောင့် ထိုင်းဘက်ခြမ်း ကားလမ်းမပေါ်ရှိ ကားများပြန်လှည့်ပြေးခဲ့ပြီး စစ်ရှောင်တချို့လည်း ထိခိုက်ခဲ့ကြောင်း AAC အဖွဲ့မှ ကိုရဲမင်း ကပြောသည်။

လေးကေ့ကော် နှစ်ရက်မြောက် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်အနက် ၁၀၀၀ ကျော်ခန့်မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရကြောင်း ဆိုသည်။

လတ်တ‌လော ထိုင်းဘက်မှ စစ်ရှောင်များကို ယာယီလက်ခံပေးထားသော်လည်း ကိုဗစ် ကန့်သတ်ချက်များဖြင့် နေထိုင်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယာယီ စားသောက်ရေးအတွက် မဲဆောက်မြို့နယ် ဥက္ကဌမှ တာဝန်ပေးထားသူများနှင့် လက်တွဲ၍ AAC အဖွဲ့မှလည်း ကူညီနေကြောင်း သိရသည်။

လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးမှူးက စစ်ရှောင်များအတွက် စားသောက် နေထိုင်ရေးနှင့် အနွေးထည်များ လိုအပ်နေကြောင်းနှင့် တိုက်ပွဲများ ရပ်တန့်ရေး အမြန်ဆုံး နွေးဆွေးညှိနှိုင်းစေလိုကြောင်း မေတ္တာရပ်ခံခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required