တရုတ်ကြွေးမြီများကို ပေးဆပ်နိုင်ရန် ရုန်းကန်နေရသည့် ပါကစ္စတန်

By Zee5
15 December 2021
တရုတ်ကြွေးမြီများကို ပေးဆပ်နိုင်ရန် ရုန်းကန်နေရသည့် ပါကစ္စတန်

ပါကစ္စတန်၏ ဖိအားကြုံနေရသည့် ဘဏ္ဍာရေးအခြေအနေသည် ယခုအခါ တရုတ်ကို ဆပ်ရမည့် ကြွေးမြီများကြောင့် အကျပ်အတည်းအောက် ကျရောက်လျက် ရှိနေကြောင်း သိရသည်။ ယင်းနိုင်ငံ၏ ပြည်ပသို့ ပေးချေရမည့် ငွေပမာဏသည် ယခုဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ကန်ဒေါ်လာ ၁၄ ဘီလီယံသို့ မြင့်တက်သွားရန် ရှိနေကာ ယင်း၏ ထက်ဝက်နီးပါးသည် တရုတ်ကော်မာရှယ်ဘဏ်များသို့ ပေးချေရမည် ဖြစ်ပြီး အများစုသည် ခါးပတ်တကွင်း၊လမ်းတစင်း (BRI) စီမံကိန်းများနှင့် ဆက်နွယ်နေကြောင်း မီဒီယာသတင်းဖော်ပြချက်တစ်ခုအရ သိရသည်။

လက်ရှိ အခြေအနေအရ ပါကစ္စတန်အနေဖြင့် ယင်း၏ ကြွေးမြီများ ပြန်ဆပ်ရမည့်အချိန် ရွှေ့ဆိုင်းနိုင်ရေး စီစဥ်မှုများ လုပ်ဆောင်ရန်အတွက် ပေကျင်း၏ ဘဏ္ဍာရေးအာဏာပိုင်များထံ ပန်ကြားသွားရရန် လိုအပ်နေသည်ဟု ပညာရှင်များက ပြောသည်။ ယင်းမှသာလျင် ပါကစ္စတန်ဗဟိုဘဏ်အပေါ် ကျရောက်နေသည့် ဖိအားများကို လျော့ကျစေမည် ဖြစ်ကြောင်းနှင့် ဗဟိုဘဏ်၏ နိုင်ငံခြားအရန်ဘဏ္ဍာငွေသည် အောက်တိုဘာလတွင် ကန်ဒေါ်လာ ၁၇ ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း Asia Times က ဖော်ပြသည်။

မူဝါဒဆိုင်ရာ အားနည်းမှု၊ မရေမရာသည့်အခြေအနေအပေါ် မူတည်နေသည့် ပြည်ပသို့ ပြန်ဆပ်ရမည့်ငွေများ တိုးပွားလာနေခြင်းတို့က ပါကစ္စတန်၏ အစိုးရ ကြွေးမြီပြန်ဆပ်နိုင်မှုဆိုင်ရာ ရေရှည်လုပ်ဆောင်နိုင်စွမ်းအပေါ် တိုက်စားလျက် ရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဧပြီလက သတိပေးခဲ့သည်။

တောင်အာရှနိုင်ငံများ၏ ကြွေးမြီများကို စိစစ်ခွဲခြမ်းသည့် ကမ္ဘာ့ဘဏ်၏ ၂၀၂၁ ကြွေးမြီအစီရင်ခံစာတွင် ပါကစ္စတန်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ နောက်တွင် ရှိနေပြီး အခြေအနေပိုဆိုးနေကြောင်း ပြသထားခဲ့သည်။

ထိုအစီရင်ခံစာတွင် ပါကစ္စတန်သည် အကြွေးပြဿနာပတ်လည်ဝိုင်းနေသော သီရိလင်္ကာနှင့်ပင် နှိုင်းယှဥ်နိုင်လောက်သည့် အခြေအနေဖြစ်နေကြောင်း အလေးပေးပြောခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ပါကစ္စတန်သည် ကြွေးမြီ-ဂျီဒီပီ (Debt-to-GDP) အချိုး ၈၀ ရာခိုင်နှုန်းထက် ကျော်လွန်သည့် နိုင်ငံများထဲတွင် သီရိလင်္ကာ၏ နောက် ဒုတိယမြောက် နိုင်ငံဖြစ်နေကြောင်း ဖော်ပြထားသည်။ သို့သော် အကယ်၍ ပြည်နယ်ဒေသများ၏ အချိုးကျပါဝင်မှုကို ထည့်မတွက်ဘဲ ပါကစ္စတန်အစိုးရ၏ အသားတင်ဝင်ငွေကိုသာ တွက်ချက်ပါက ယင်းသည် အထက်ပါအချိုးအစားပိုင်း၌ သီရိလင်္ကာထက်ပင် ပိုမိုမြင့်မားစွာ ရပ်တည်နေလိမ့်မည်ဖြစ်သည်ဟု သိရသည်။

ယခုကာလအတွင်း ပြည်တွင်းကြွေးမြီပမာဏသည် ရူပီး ၁၆ ထရီလီံယံ (ဒေါ်လာ ၉၁ ဘီလီယံ) မှ ရူပီး ၂၆ ထရီလီယံ (ဒေါ်လာ ၁၄၈ ဘီလီယံ) ထိ မြင့်တက်ထားခဲ့သည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က ပါကစ္စတန် ဆိနိတ်ကို တင်ပြပြောဆိုခဲ့သည်။ အလားတူ ပြည်ပ ကြွေးမြီများသည်လည်း အလားတူကာလအတွင်း ရူပီး ၈ ဒသမ ၅ ထရီလီယံ (ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံ) မှ ရူပီး ၁၄ ဒသမ ၅ ထရီလီံယံ (ဒေါ်လာ ၈၃ ဘီလီယံ) အထိ မြင့်တက်ထားခဲ့ကြောင်း သိရသည်။ အဆိုပါ ကြွေးမြီများအတွက် အစိုးရအနေဖြင့် အတိုးအဖြစ် ရူပီး ၇ ဒသမ ၄၆ ထရီလီယံ (ဒေါ်လာ ၄၂ ဒသမ ၄ ဘီလီယံ) ပေးချေထားခဲ့ရသည်ဟု ဝန်ကြီးဌာနက ပြောကြောင်း Asia Times က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly