မြန်မာ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မည်ဟု မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ဆို 

မြန်မာ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မည်ဟု မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ဆို 

ဒီဇင်ဘာလ ၁၅ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်သူ ဇိုးရမ်းထန်းငါ (Zoram Thanga)သည် အိုက်ဇောမြို့တွင် မြန်မာနိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များ၊ စစ်ဘေးရှောင်များအား ကူညီပေးနေသော အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့က CM Conference Hall တွင် တွေ့ဆုံခဲ့ကြပြီး မီဇိုရမ် ပြည်နယ် အစိုးရအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် စစ်ဘေးရှောင်များအား အကူအညီ အထောက်အပံ့များ ပေးအပ်မည်ဖြစ်ကြောင်း ဆိုသည်။

“ကျွန်မတို့ ဒီဖက်ကိုရောက်ပြီးမှ ပထမဆုံး တွေ့ဆုံဖြစ်တာ ဖြစ်ပါတယ်၊ ဝန်ကြီးချုပ်က သူ့အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးဖို့ အာမခံ ပြောကြားခဲ့ပါတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကလေးမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် ကပြောသည်။

ဝန်ကြီးချုပ်က စစ်ဘေးရှောင်များနှင့် နိုင်ငံရေးအရ ခိုလှုံလာသူများအတွက် အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ကူညီရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များကလည်း တောင်းဆိုမှုများ မပြုလုပ်သော်လည်း ယခုကဲ့သို့ ကူညီထောက်ပံ့ ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှ ယခုအထိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၄၀၀၀၀ ခန့်ရှိကြောင်း အကူအညီပေးရေး အဖွဲ့အစည်းများက ခန့်မှန်းထားပြီး ဘာသာရေး ၊ နိုင်ငံရေး ၊ လူမှုရေးနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလကများက ဝိုင်းဝန်းကူညီနေကြပြီး ပြည့်စုံလုံလောက်မှု မရှိသော်လည်း အထူးကျေးဇူးတင်ကြောင်း ဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ဗဟိုအစိုးရ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ ၊ ပြည်ထဲရေးဝန်ကြီး အာမစ်ရှား တို့နှင့် ဒေလီတွင် တွေ့ဆုံစဉ်က စစ်ဘေးရှောင်များနှင့် နိုင်ငံရေး ခိုလှုံလာသူများအား အကူအညီပေးရန် တိုက်တွန်း ပြောဆိုခဲ့သော်လည်း အိန္ဒိယနိုင်ငံ အနေဖြင့် ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း ၁၉၅၁နှင့် နောက်ဆက် တွဲစာချုပ် ၁၉၆၇ တို့တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အတွက် တိုက်ရိုက် အကူအညီပေးရေး အတွက် အခက်အခဲရှိကြောင်း ဆိုသည်။ 

ဝန်ကြီးချုပ် ဇိုးရမ်းထန်းငါ ဦးဆောင်သော လက်ရှိအာဏာရ မီဇိုအမျိုးသားတပ်ဦး Mizo National Front (MNF) သည် ၁၉၆၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်သောနိုင်ငံ ထူထောင်ရန် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီး ၁၉၈၆ ခုနှစ် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်မထိုးခင်အထိ မီဇိုတော်လှန်ရေးသမားများသည် မြန်မာနိုင်ငံဖက်ခြမ်း ဝင်ရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required