လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲ ခဏငြိမ်သက်နေ၊ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးဟု ကနဦး သတင်းရရှိ

လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲ ခဏငြိမ်သက်နေ၊ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးဟု ကနဦး သတင်းရရှိ

ဒီဇင်ဘာလ ၁၅ ရက်

လေးကေ့ကော် မြို့သစ်၌  ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ အကြား ယနေ့ နံနက်မှစ၍ ဖြစ်ပွားနေသော တိုက်ပွဲများ မွန်းလွဲပိုင်း ၁ နာရီကျော်ခန့်မှ စ၍ ခဏ ငြိမ်သက်နေသည်ဟု မဇ္ဈိမ၏ မြေပြင် သတင်းရင်းမြစ်က ပြောသည်။ 

လေးကေ့ကော်၌ ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က စတင်ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။ 

တိုက်ပွဲများနှင့် နီးစပ်ရာနေရာရှိ သတင်းရင်းမြစ်များ၏ အဆိုအရ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး ရှစ်ဦးကို လက်ရ အရှင်ဖမ်းမိထားသည်ဟု သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြား အတည် မပြုနိုင်သေးပေ။ 

"ကြိုကြား၊ ကြိုကြား တိုက်ခိုက်နေကြပြီး အခုခဏ ငြိမ်နေတယ်။ စစ်ကောင်စီဘက် ခြောက်ယောက်သေ၊ ရှစ်ဦး အရှင်ရတယ်လို့ လောလောဆယ် သိရတယ်” ဟု လေးကေ့ကော် မြို့သစ် အနီးရှိ မဇ္ဈိမ သတင်းရင်းမြစ်က ပြောသည်။ 

လေးကေ့ကော်မြို့အနီးရှိ အမြောက်ကုန်းတွင် နေရာယူထားသော စစ်ကောင်စီ တပ်သည် မြို့အနီးတစ်ဝိုက် နေရာများကို ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် အချက် ၃၀ ထက်မနည်း ပစ်ခတ် ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။ 

တိုက်ပွဲ စတင်ဖြစ်ပွားချိန်၌ လေးကေ့ကော်မြို့သစ်အတွင်း ပိတ်မိနေသော ဒေသခံများလည်း လက်ရှိတွင် အနီးအနားရှိ ကျေးရွာတချို့သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စုံစမ်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required