မန္တလေးဈေးချိုတွင် ပိတ်ထားသည့် ဆိုင်ခန်းများကို စည်ပင်က ယာယီ သိမ်းဆည်းကြောင်း စာလိုက်ကပ်

မန္တလေးဈေးချိုတွင် ပိတ်ထားသည့် ဆိုင်ခန်းများကို စည်ပင်က ယာယီ သိမ်းဆည်းကြောင်း စာလိုက်ကပ်

ဒီဇင်ဘာလ ၁၅ရက်

မန္တလေးစျေးချိုတွင် စျေးမရောင်းချဘဲ ပိတ်ထားသည့် ဆိုင်ခန်းများအား မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ယာယီသိမ်းဆည်းကြောင်း အသိပေးစာများကို စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၁၅ရက် နံနက်ပိုင်းက လိုက်ကပ်ခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။ 

“ စျေးမရောင်းတဲ့ ဆိုင်ခန်းတွေကို စည်ပင်ကသိမ်းတယ်ဆိုတဲ့ စာတွေလိုက်ကပ်သွားတယ်။ ကော်မတီက ယာယီ သိမ်းဆည်းထားတယ်ပေါ့ဗျာ။ အခု မန်းမြန်မာပလာဇာက မဖွင့်သေးတဲ့ဆိုင်ခန်းစာရင်းတွေလည်း လိုက်ကောက်နေတာ တွေ့ရတယ်” ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။ 

ထိုစာများတွင် '  ဆိုင်ခန်းအား ကော်မတီမှ ယာယီသိမ်းဆည်းထားသည်၊ စျေးဌာနခွဲ စျေးရုံးနှင့် ဆက်သွယ်ရန် ' ဟုရေးထားပြီး စည်ပင်ဌာနမှူး ဦးဆောင်သည့် စစ်ကောင်စီလက်နက်ကိုင်များ ကိုယ်တိုင် လိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

“စျေးက သူတို့က ဖွင့်ခိုင်းပေမယ့်လည်း ပိတ်ထားတာကများတယ်လေ။ ဒီတော့ အခွန်လည်း မရတော့ လိုက်ညစ်တဲ့သဘောပါပဲ။  ဆိုင်ခန်း တော်တော်များက ပိတ်ထားကြတယ်။  Silent Strike နေ့ကလည်းမဖွင့်ကြဘူးလေ” ဟု ဆိုင်ခန်းပိုင်ရှင် နောက်ထပ်တစ်ဦးကလည်း ဆိုသည်။ 

မန္တလေး အဆင့်မြင့်စျေးချိုတော်နှင့် တိုက်တန်းကြီးစျေးရုံများကို စစ်ကောင်စီက ပြီးခဲ့သည့်အောက်တိုဘာလ ၂၃ ရက်မှ စတင်၍ ဖွင့်လှစ်ရောင်းချရန် ဖိအားပေးခဲ့သော်လည်း ဆိုင်ခန်းပိုင်ရှင်အများစုက လုံခြုံရေး စိတ်မချရခြင်းကြောင့် ဖွင့်လှစ်ရောင်းချလိုခြင်းမရှိကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required