လေးကေ့ကော်မြို့တွင် စစ်တပ်က မြောင်းမြ NLD အမတ်အပါဝင် ၂၃ဦးကို ဖမ်းဆီး စစ်ကောင်စီတပ်များနှင့် KNLA တို့ တိုက်ပွဲဖြစ်ပွားနိုင်ဟုဆို

လေးကေ့ကော်မြို့တွင် စစ်တပ်က မြောင်းမြ NLD အမတ်အပါဝင် ၂၃ဦးကို ဖမ်းဆီး စစ်ကောင်စီတပ်များနှင့် KNLA တို့ တိုက်ပွဲဖြစ်ပွားနိုင်ဟုဆို

ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ လေးကေ့ကော်မြို့သို့ ဒီဇင်ဘာ ၁၄ရက်တွင် ခက ဝင်စီးပြီး မြောင်းမြမြို့နယ် NLD အမတ် အပါအဝင် လူ ၂၃ဦးကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်များနှင့် KNLA တပ်မဟာ (၆)တို့ တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေများရှိနေကြောင်း နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်သည်။ 

လက်ရှိ လေးကေ့ကော်မြို့တွင် တစ်မုဟုတ်ချင်း တိတ်ဆိတ်ငြိမ်သက်နေပြီး ဈေးဆိုင်များပိတ်ထားသည့်အပြင် လူနေအိမ်နှင့် လမ်းများတွင်လည်း ခြောက်ကပ်နေကာ  ယနေ့ ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဒေသခံများနှင့် လေးကေ့ကော်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုထားကြသည်။ 

လေးကေ့ကော်မြို့သို့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်က ယနေ့  နံနက် ၈ နာရီမှစတင်ကာ ရှစ်ကြိမ်မြောက် ဝင်ရောက်လာပြီး အမှတ် (၆) ရပ်ကွက်နှင့် (၃) ရပ်ကွက်တို့ရှိ လူနေအိမ်များတွင် ဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာ ဧရာဝတီတိုင်း၊  မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် နှင့် CDM ရဲ နှစ်ဦး အပါအဝင် စုစုပေါင်း ၂၃ ဦး ကို ဖမ်းဆီးသွားသည်ဟု သိရသည်။ 

ယင်းသို့ ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် အမှတ် (၁) ရပ်ကွက်သို့  ဆက်လက် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ KNLA တပ်များက ဝင်ရောက်ခွင့်မပေးတော့သည့်အတွက် နှစ်ဖက် တင်းမာမှု ဖြစ်ပေါ်နေကြောင်း နိုင်ငံရေးလေ့လာသူတစ်ချို့က အခြေအနေကို သုံးသပ်သည်။ 

ဖမ်းဆီးထားသူများကို ပြန်အပ်ရန် ၊မအပ်ပါက ပြန်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့်  တခြား ရပ်ကွက်များသို့ ထပ်မံ ဝင်ရောက်လာပါက ပစ်မိန့်ရထားပြီဖြစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ထံသို့  KNLA ဘက်မှ တာဝန်ရှိသူများက  အကြောင်းကြားထားသည်ဟု ဒေသတွင်း နှစ်ရှည်နေထိုင်သူတစ်ဦးက ပြောသည်။ 

ယနေ့ ညနေပိုင်းတွင် ထိုမြို့ရှိ ရောင်နီစားသောက်ဆိုင်ကို စစ်ကောင်စီတပ်က တံခါးရိုက်ချိုးဖွင့်ပြီး စားသောက်စရာများကို လုယူစားသောက်ကာ ဆိုင်ရှိ ပစ္စည်းများအား ဖျက်ဆီးနေသည်ဟုလည်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ 

လေးကေ့ကော်မြို့တွင် NUG အစိုးရ လက်အောက်ခံ PDF တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် CDM ပြုလုပ်ထားသူများ ဝင်ရောက်နေထိုင်နေသည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၆၀) တပ်ရင်းက ယင်းသို့ လုပ်ဆောင်နေခြင်းဖြစ်သည်။ 

မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်သည်  KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ အတွင်း တည်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required