အင်ဒိုနီးရှား၌ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို ပြစ်တင်ပြောဆို

အင်ဒိုနီးရှား၌ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို ပြစ်တင်ပြောဆို
Photo - Bangkok Post

ဒီဇင်ဘာ ၁၄ ရက်

အရှေ့တောင်အာရှဒေသ ခရီးစဥ်အဖြစ် အင်ဒိုနီးရှားကို စတင်ရောက်ရှိလာခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီဇင်ဘာ ၁၄ ရက် ဂျကာတာ၌ အဓိကမူဝါဒဆိုင်ရာ မိန့်ခွန်းတစ်ရပ် ပြောကြားစဥ်အတွင်း မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ၎င်း၏ မိန့်ခွန်းတွင် မြန်မာ အာဏာသိမ်းစစ်အုပ်စုအပေါ် ပြစ်တင်ရှုတ်ချပြောဆိုမှု လုပ်ဆောင်ခဲ့ပြီး တစ်ဆက်တည်းမှာပင် မြန်မာပြည်သူများ၏ သဘောဆန္ဒကို ထင်ဟပ်ကိုယ်စားပြုသည့် "ငြိမ်းချမ်းသော ဖြေရှင်းနည်း" တစ်ခု ရယူရေး ရည်မှန်းချက်ကို အမေရိကန်ဘက်က လက်လျှော့သွားမည် မဟုတ်ကြောင်း ဘလင်ကန်က ပြောကြားသွားခဲ့သည်။

တချိန်တည်းမှာပင် အာရှဒေသ၌ တရုတ်၏ ရန်လိုဟန်ရှိသည့် လုပ်ဆောင်ချက်များ" အပေါ်လည်း ဘလင်ကန်က ဝေဖန်သွားခဲ့ရင်း အာရှတွင် အမေရိကန်၏ မဟာမိတ်များ၊ လုံခြုံရေး ပါတနာများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းမည့် အစီအစဥ်များကို ချမှတ်ခဲ့သည်။

အာရှဒေသ၌ လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး နီးနီးကပ်ကပ် လုပ်ဆောင်နေရင်း ဒေသသို့ အရည်အသွေးမြင့် အခြေခံအဆောက်အအုံနှင့် ကာကွယ်ဆေးများ ပေးအပ်နိုင်ရန် အမေရိကန်၏ အားထုတ်မှုများကို ဘလင်ကန်က အလေးပေး ပြောဆိုခဲ့သည်။

သမ္မတ ဘိုင်ဒင် အစိုးရအနေဖြင့် အာရှတွင် ပဋိပက္ခ ဖြစ်မည်ကို မလိုလားကြောင်းနှင့် တရုတ်နှင့် ပြိုင်ဆိုင်မှုကိုလည်း "ကြီးမားသည့်" ပဋိပက္ခတစ်ခုဆီ လမ်းလွဲရောက်ရှိစေခြင်း မရှိစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

၎င်း၏ မိန့်ခွန်းထဲတွင် ဘလင်ကန်က Quad ၊ အာဆီယံ တို့အပြင် ယူကေ၊ သြစတြေးလျတို့နှင့်အကြား ဖြစ်သည့် Aukus သဘောတူညီချက်ကဲ့သို့ အခြားသော ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကိုလည်း အလေးပေး ပြောဆိုသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ယခု အရှေ့တောင်အာရှ ခရီးစဥ်အတွင်း အင်ဒိုနီးရှားပြီးလျင် အခြားသော သြဇာရှိ ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် ထိုင်းနိုင်ငံသို့ ဆက်လက်သွားရောက်ရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly