တော်လှန်ရေး ရန်ပုံငွေပွဲ ကနဦး လက်မှတ်ရောင်းရငွေ ကျပ်သိန်း ၁‚၀၀၀ ကျော်ကို NUG ကျန်းမာရေးဌာနသို့ ပေးအပ်

တော်လှန်ရေး ရန်ပုံငွေပွဲ ကနဦး လက်မှတ်ရောင်းရငွေ ကျပ်သိန်း ၁‚၀၀၀ ကျော်ကို NUG ကျန်းမာရေးဌာနသို့ ပေးအပ်

ဒီဇင်ဘာလ ၁၄ ရက်

“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက် တို့မြန်မာ” တော်လှန်ရေးရန်ပုံငွေ ကံစမ်းမဲပွဲမှ ရရှိသည့် ပထမသုတ် လက်မှတ်ရောင်းရငွေ ထိုင်းဘတ်ငွေ ၂‚၀၀၀‚၀၀၀ (  ဘတ်ငွေ နှစ်သန်း လက်ရှိပေါက်ဈေး မြန်မာကျပ်ငွေ သိန်း ၁‚၀၀၀ ကျော်) ကို အမျိုးသား ညီညွတ်ရေး (NUG) အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူ ဦးရဲမင်းက ပြောသည်။

အဆိုပါ ထိုင်းဘတ်ငွေနှစ်သန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လက်ခံ ရယူခဲ့သည်။

“လက်မှတ်ကတော့ ဒီထက်ပိုပြီး ရောင်းရအုံးမယ်။ နောက်ထပ်လည်း ပိုက်ဆံတွေ ထပ်ကောက် နေတုန်းပဲပေါ့နော်။ ဒါက ကနဦး ဘတ်နှစ်သန်း ရတာကို NUG ကျန်းမာရေးဌာနကို AAC မဟာမိတ်အဖွဲ့က တရားဝင် လွှဲပြောင်းထားတာပါ” ဟု AAC အထွေထွေ တာဝန်ခံလည်းဖြစ်၊ ပွဲစီစဉ် ကျင်းပရေး ကော်မတီ တာဝန်ရှိသူလည်း ဖြစ်သည့် ဦးရဲမင်းက ပြောသည်။

ယခုအစီအစဉ်ကို NUG အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန နှင့် ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် (AAC Myanmar) အဖွဲ့တို့ ပူးပေါင်းပြီး စီစဉ်နေခြင်း ဖြစ်သည်။

ကံစမ်းမဲ ပွဲတော်က ရရှိလာသော ရန်ပုံငွေများကို NUG ကျန်းမာရေး ဝန်ကြီးဌာနနှင့် တော်လှန်ရေး အောင်မြင်ရန် လိုအပ်သည့် နေရာများတွင် အသုံးပြု သွားမည်ဖြစ်ပြီး လက်မှတ် တစ်စောင်လျှင် ထိုင်းဘတ်ငွေ ၁၉၉ ဘတ်ဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက် တို့မြန်မာ” တော်လှန်ရေး ရန်ပုံငွေ ကံစမ်းမဲ ပွဲတော်ကို ယခုဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အမြင့်ဆုံး ဆုမဲအဖြစ် ငွေကျပ်သိန်း နှစ်ရာခန့် တန်ဖိုးရှိသည့် KAWASAKIA ဆိုင်ကယ် တစ်စီးလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required