နေရပ်စွန့်ခွာသူများထံ အသက်ကယ်အကူအညီများ ပေးပို့မှုအပေါ် စစ်ကောင်စီ ပိတ်ဆို့ဟန့်တားနေဟု HRW ပြော

နေရပ်စွန့်ခွာသူများထံ အသက်ကယ်အကူအညီများ ပေးပို့မှုအပေါ် စစ်ကောင်စီ ပိတ်ဆို့ဟန့်တားနေဟု HRW ပြော
Photo - ANI

ဒီဇင်ဘာလ ၁၃ ရက်

မြန်မာနိုင်ငံတွင် သန်းနှင့်ချီသော နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူများနှင့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြားသူများထံ အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိစေနိုင်ရေး ပေးပို့မှုအပေါ် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ဟန့်တားနေကြောင်း Human Rights Watch (HRW) က ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

အကူအညီ လိုအပ်နေသူအားလုံးထံ အကူအညီများ ရောက်ရှိစေရန်အတွက် အကူအညီပေးပို့မှုကို အဆောတလျင် ခွင့်ပြုပေးရန်အတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် အခြားသက်ဆိုင်ရာ အစိုးရများက မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးသင့်သည်။

မကြာသေးသော လများအတွင်းက စစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံတပ်ဖွဲ့များသည် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းများအပေါ် ခရီးသွားလာမှု ပိတ်ပင်ချက်အသစ်များ ချမှတ်ခြင်း၊ ဝင်ထွက်လမ်းများကို ပိတ်ဆို့ခြင်း၊ အကူအညီ ယာဥ်တန်းများကို ပိတ်ပင်ခြင်း၊ စစ်ဘက်မဟုတ်သည့် အထောက်အပံ့ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အကူအညီပေးရေး
လုပ်သားများကို တိုက်ခိုက်ခြင်း၊ တယ်လီကွန်မြူနစ်ကေးရှင်း ဝန်ဆောင်မှုများကို ပိတ်ချခြင်း တို့ လုပ်ဆောင်ထားခဲ့ကြောင်း အမေရိကန် အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း Human Rights Watch က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းမှုကြောင့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ပြိုလဲမှု၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ဘဏ်လုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်များ အကျပ်အတည်းဖြစ်မှု၊ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အခြား မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ပြတ်လပ်မှုတို့ကို ဖြစ်စေခဲ့သည်။

"လူပေါင်းသိန်းချီကို နေရပ်စွန့်ခွာရစေပြီး အဲဒီနောက် သူတို့ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့ အရေးကြီး အထောက်အပံ့အကူအညီတွေကို ပိတ်ဆို့ရင်းနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ လူသားချင်းစာနာမှု ကပ်ဘေးတစ်ခုကို ပိုမို ဆိုးရွားထားစေခဲ့ပါတယ်" ဟု အာရှသုတေသီတစ်ဦးဖြစ်သည့် ရှာယ်နာ ဘော်ချနာက ပြောခဲ့သည်။

"စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတိုက်ပွဲတွေကြောင့် ထိခိုက်ထားခဲ့တဲ့ ပြည်သူတွေကို အသက်ကယ်အကူအညီတွေ ပေးပို့မှုအပေါ် စစ်ဗိုလ်ချုပ်ကြီးတွေက စာနာစိတ်ကင်းမဲ့စွာနဲ့ ပိတ်ပင်နေပါတယ်" ဟု ၎င်းက ပြောသွားခဲ့သည်။

မြန်မာစစ်အာဏာပိုင်များသည် ခုခံနိုင်စွမ်းအားနည်းသော အစုအဖွဲ့များအတွက် အကူအညီများ ပေးပို့ရောက်ရှိစေမှုအပေါ် ကာလကြာ ဟန့်တားထားခဲ့ရင်း အာဏာသိမ်းစစ်အုပ်စုသည် ပိတ်ပင်ကန့်သတ်ချက်သစ်များ ချမှတ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ရုတ်တရက်ဖြစ်ပွားသည့် ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေလျက် ရှိသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ အကူအညီ လိုအပ်နေသူ အရေအတွက်သည် အာဏာသိမ်းမှုမတိုင်မီက ၁ သန်းကနေ ၂၀၂၂ ကုန်ပိုင်းတွင် ကလေးငယ် ၅ သန်းကျော် အပါအဝင် ၁၄ ဒသမ ၄ သန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် လူဦးရေ၏ ထက်ဝက်ခန့် သို့မဟုတ် လူပေါင်း ၂၅ သန်းခန့်သည် ဆင်းရဲမွဲတေမှုမျဥ်းအောက်တွင် နေထိုင်သွားရနိုင်ကြောင်းလည်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required