တော်လှန်ရေး ရိက္ခာ အထောက်အကူဖြစ်ရန် နွေဦးကြက်ခြံ စီမံကိန်းစတင်

တော်လှန်ရေး ရိက္ခာ အထောက်အကူဖြစ်ရန် နွေဦးကြက်ခြံ စီမံကိန်းစတင်

ဒီဇင်ဘာလ ၁၃ ရက်

ပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် တော်လှန်ရေး ရဲဘော်များက နွေဦးကြက်ခြံ စီမံကိန်းကို လွတ်မြောက် နယ်မြေ တစ်နေရာတွင် စတင်နေပြီ ဖြစ်သည်။

အဆိုပါ ကြက်ခြံစီမံကိန်းမှ အမြတ်ငွေ ရရှိလာလျှင် တော်လှန်ရေး ရဲဘော်များ၏ လက်နက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် ရဲဘော်များ၏ ရိက္ခာအတွက်လည်း အထောက်အကူ ဖြစ်စေရန် ရည်ရွယ်သည်ဟု တော်လှန်ရေးရဲဘော် တစ်ဦးက မဇ္ဈိမကို ပြောသည်။

"ရှေ့တန်း မသွားရသေးဘဲ နောက်တန်းမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေအနေနဲ့ တစ်ခုခုအကျိုးရှိအောင် မွေးမြူရေးလုပ်မယ်။ ကြက်ခြံလုပ်မယ် ဆိုပြီး တစ်ယောက်က စဉ်းစားမိပြီး စလုပ်ဖြစ်ခဲ့တာ” ဟု ၎င်းက ပြောသည်။

လက်ရှိ နွေဦးကြက်ခြံတွင် တစ်လသားအရွယ် ကြက်အကောင် ၂၀၀ နှင့်  ကြက်ပေါက် ၃၃ ကောင် စတင် မွေးမြူနေပြီ ဖြစ်ပြီး ဆိတ် ၁၀ ကောင်လည်း မွေးမြူထားသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ခုမှစပြီး လုပ်တဲ့အတွက် အရှုံး အမြတ်တွေလည်း ရှိနိုင်လို့ တစ်ခြံပဲ အရင် စလုပ်တာ" ဟု တော်လှန်ရေး ရဲဘော်က ပြောသည်။

ယခု ပထမအကြိမ် မွေးမြူရာတွင် အောင်မြင်ပါက နောက်ပိုင်းတွင် အကောင်ရေ တိုးချဲ့ မွေးမြူရန်လည်း အစီအစဉ်ရှိသည်ဟု ဆိုသည်။ 

ထို့ပြင် ကြက်များ၏ ကျန်းမာရေးအတွက်လည်း တိမွေးကု ဆရာဝန်များ၏ အကြံပေး လမ်းညွှန်မှုများနှင့် စနစ်တကျ မွေးမြူလျက်ရှိပြီး အနည်းဆုံး ရဲဘော် လေးဦးခန့်က ကြက်ခြံ အတွက် အမြဲတမ်း လုပ်အားပေး ကူညီလျက်ရှိသည်။ နောက်သုံးလအတွင်း ဈေးကွက်တွင် ကြက်များ စတင်ရောင်းချနိုင်ရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly