တောင်ပုံရာပုံ ကြွေးမြီများကို ပြန်ဆပ်ရန် ပါကစ္စတန်က မဟာဗျူဟာကျ ပိုက်လိုင်းကန်ထရိုက်ကို တရုတ်လက်သို့ ပေးအပ်လိုက်ရ

By Latestly
13 December 2021
တောင်ပုံရာပုံ ကြွေးမြီများကို ပြန်ဆပ်ရန် ပါကစ္စတန်က မဟာဗျူဟာကျ ပိုက်လိုင်းကန်ထရိုက်ကို တရုတ်လက်သို့ ပေးအပ်လိုက်ရ

တရုတ်ချေးငွေများကနေ အကြောင်းပြုဖြစ်ပေါ်လာပြီး လက်ရှိတွင် တောင်ပုံရာပုံ ဖြစ်နေသည့် ကြွေးမြီများကို ပြန်ဆပ်ရန် နည်းလမ်းတစ်ခုအနေဖြင့် ပါကစ္စတန်သည် အရေးပါသော စီမံကိန်းများကို ပေကျင်း၏ လက်သို့ စတင်ပေးအပ်နေရပြီ ဖြစ်ကြောင်း သိရသည်။ အီမရန် ခန်း အစိုးရသည် မကြာသေးခင်က ပါကစ္စတန်၏ ဂွာဒါဆိပ်ကမ်းကနေ တရုတ်၏ ရှင်ကျန်းသို့ ဆက်သွယ်သည့် ကီလိုမီတာ ၃,၀၂၁ အရှည်ရှိ မဟာဗျူဟာ ရေနံပိုက်လိုင်း တည်ဆောက်မှုအတွက် ကန်ထရိုက်ကို တရုတ်ကုမ္ပဏီတစ်ခုထံ ပေးအပ်ထားခဲ့ကြောင်း မီဒီယာသတင်းဖော်ပြချက်တစ်ခုအရ သိရသည်။

ပရောဂျက်အတွက် အဓိက ကန်ထရိုက်ရရှိသွားသည့် ကုမ္ပဏီသည် M/s China Zhenhua သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီ လီမိတက် ဖြစ်သည်။

ထိုကုမ္ပဏီသည် ပိုက်လိုင်း တည်ဆောက်မှုကို ငွေကြေးထောက်ပံ့မတည်ရုံတင်မကဘဲ ပိုက်လိုင်း လည်ပတ်မှုကနေ ဖြစ်ထွန်းရရှိမည့် အကျိုးအမြတ်များကို ရယူသွားနိုင်မည် ဖြစ်သည်။

ထို့ပြင် ပိုက်လိုင်း၏ ရှယ်ယာအားလုံးကို တရုတ်က ပိုင်ဆိုင်မည် ဖြစ်သလို ရေနံ ပိုက်လိုင်းကနေ တရုတ်ကုမ္ပဏီ ရရှိမည့် အကျိုးအမြတ်၊ ဝင်ငွေများအတွက် နှစ် ၂၀ ကြာ အခွန်ကင်းလွတ်ခွင့်ကို ခွင့်ပြုပေးရန် ပါကစ္စတန်အစိုးရဘက်က ခွင့်ပြုပေးထားကြောင်းလည်း InsideOver ထံမှ သိရသည်။

ပိုက်လိုင်းသည် ပါကစ္စတန်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ဖြစ်ကြောင်း ပေကျင်းက ပြောဆိုထားသော်လည်း ယခုအခါ ကွန်မြူနစ်အစိုးရသည် ပိုက်လိုင်းကနေတဆင့် မဟာဗျူဟာ ရေနံ သိုမှီးထားရှိမှုပိုင်းကို မြှင့်တင်ရန် ယင်းဘာသာ စီစဥ်နေသည့်ပုံပေါ်နေသည်။

ယင်းက ပေကျင်းအတွက် ယင်း၏ ရေနံတင်သွင်းမှု ကျသင့်ငွေများကို ကူညီလျော့ကျစေမည် ဖြစ်သည်။

ထို့ပြင် တိကျမှုနှုန်း မြင့်မားသည့် လက်နက်များနှင့် ပစ္စည်းကိရိယာများ (လူက ထိန်းရန်မလိုသည့် ကင်းထောက်မှုနှင့် တိုက်ခိုက်မှုစနစ်များ၊ လေကြောင်းကာကွယ်ရေး ပဲ့ထိန်းပစ္စည်းများ) အပြည့်အစုံ တပ်ဆင်ထားသည့် ပေကျင်း၏ လုံခြုံရေးအမှုထမ်းများကိုလည်း ထို ပိုက်လိုင်းတလျောက် တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လက်ရှိအချိန်တွင် ပါကစ္စတန်အနေဖြင့် ပေကျင်းနှင့်အကြား အလွန်နီးကပ်စွာ ပတ်သက်နေရသည့် အခြေအနေကို စိတ်ကုန်လာနေသည့်ပုံ ပေါ်နေပြီဖြစ်သည်။ ကျင်းပရန် ရှိနေသည့် နိုင်ငံများ၏ ပါတီများဆိုင်ရာ ကွန်းဖရင့် (CSP) တွင် ဗဟိုအာရုံကြောစနစ်၏ လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်မှုရှိစေသည့် ဓာတုပစ္စည်းများနှင့်ပတ်သက်၍ သဘောတူလက်ခံမည့် ဆုံးဖြတ်ချက်ဆိုင်ရာ ပူးတွဲကြေညာချက်ကို အတည်ပြုရေးအတွက် တရုတ်နှင့် အီရန်၏ ပန်ကြားမှုကို လက်ခံသဘောတူရန် မကြာသေးခင်က ပါကစ္စတန်အာဏာပိုင်တို့ဘက်က ဝန်လေးနေခဲ့သည်။ ယခုပိုက်လိုင်းပရောဂျက်က ပါကစ္စတန်ထက် တရုတ်အတွက် ပိုမို အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း InsideOver ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly