တရုတ်၏ နှောက်ယှက်မှုများကို တန်ပြန်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား

By Bloomberg
13 December 2021
တရုတ်၏ နှောက်ယှက်မှုများကို တန်ပြန်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသနှင့် ပြင်ပတွင် တရုတ်၏ ပိုမို ရန်လိုလာပြီး အာဏာရှင်ဆန့်သည့်ပုံစံကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ လုပ်ရပ်သည် စိတ်အနှောက်အယှက်ဖြစ်စဖွယ်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

တရုတ်၏ စစ်ဘက်ခေတ်မီတိုးတက်ရေး၊ နျူကလီးယားစွမ်းရည်နှင့် နည်းပညာတိုးတက်မှုများကို တန်ပြန်ရန် နည်းလမ်းတစ်ခုမှာ ဒေသတွင်းရှိ အမေရိကန်မဟာမိတ်များ အားကောင်းလာစေရန်ဖြစ်ကြောင်း အော်စတင်က တောင်ကိုရီးယားသို့ သွားရောက်လည်ပတ်ပြီးနောက် ဒီဇင်ဘာ ၄ရက်က ကယ်လီဖိုးနီးယားတွင် ပြုလုပ်သည့် လုံခြုံရေးကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် ဆီမီချိုင့်ဝှမ်းရှိ ရော်နယ်ရေဂင်သမ္မတစာကြည့်တိုက်တွင် ပြုလုပ်သည့် အမျိုသား ကာကွယ်ရေးဖိုရမ်တွင် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က မိန့်ခွန်းပြောကြားခဲ့သည်။

“တရုတ်က စစ်ရေးစွမ်းရည်ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်ဆောင်နေပေမယ့် ဒေသတွင်းမှာ ကျွန်တော်တို့ မြင်တွေ့နေရတာက အကျပ်ကိုင်တဲ့ လုပ်ဆောင်ချက်တချို့ဖြစ်တဲ့အတွက် ဒေသတွင်းက လုပ်ဖော်ကိုင်ဖက်တွေ အတွက် အလွန်စိုးရိမ်ပူပန်မိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒင်၏ ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး နောက်ပိုင်း အင်ဒို-ပစိဖိတ် ဒေသရှိ နိုင်ငံ ၇ နိုင်ငံသို့ အလည်အပတ် သွားရောက် လည်ပတ်ရာတွင် အမေရိကန်အနေဖြင့် “ဒေသတွင်း တည်ငြိမ်ရေးအတွက် ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ဆက်လက်ထားရှိဖို့” ဝါရှင်တန်၏ လုပ်ဖော်ကိုင်ဖက်များ က တစိုက်မတ်မတ်

တောင်းဆိုသည်ကို ကျွန်တော်ကြားခဲ့ရပါတယ်။ "မပူပါနဲ့ ကျွန်တော်တို့ရှိနေပါမယ်" လို့ ပြောကြားခဲ့ပါတယ်” ဟု သူက ဆိုသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆက်ဆံရေးကို နက်ရှိုင်းစေခြင်းနှင့် ဒေသ တွင်းတွင် ဥရောပ၏ အထောက်အကူဖြစ်စေပြီး ကြီးထွားလာနေသော လုံခြုံရေးအခန်းကဏ္ဍ ကို အားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်အင်အားကြီးထွားလာခြင်းက အမူအကျင့်ဆိုင်ရာ စံနှုန်းများကို ကောင်းမွန်စွာမသတ်မှတ်ဘဲ အာကာသ နှင့် ဆိုက်ဘာစပေ့နယ်ပယ်တို့တွင် ပြိုင်ဆိုင်မှုနယ်ပယ်သစ်များ တိုးမြင့်လာခြင်းကြောင့် တွက်ချက်မှု မှားယွင်းခြင်းနှင့် အန္တရာယ်များ မြင့်မားလာနေသည်ဟု အော်စတင်က ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်က တရုတ်နှင့် ပဋိပက္ခကို ကြိုးပမ်းနေခြင်းမဟုတ်ဘဲ တင်းမာမှုများကို တတ်နိုင်သမျှ လျှော့ချနိုင်မည့် အရာအားလုံးကို ကြိုးပမ်းသွားမည်ဟု ဘိုင်ဒင်၏ ပြောကြားချက်ကို ထပ်လောင်း ပြောကြားခဲ့သည်။

ဘိုင်ဒင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးပွဲအတွင်း ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ၃ နာရီကျော်ကြာ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့သော်လည်း ဆက်ဆံရေးတွင် ကြီးကြီးမားမား အောင်မြင်မှုများ မရရှိခဲ့ပေ။

ထိုအချိန်မှစ၍ အမေရိကန်နှင့် တရုတ်တို့သည် ရေနံနှင့် ဓာတ်ဆီဈေးနှုန်းများကို ကျဆင်းစေရန် ကြိုးပမ်းသည့် အနေဖြင့် အရန်ရေနံစိမ်းများ ထုတ်ရောင်းချရာတွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly