လောင်းလုံးမြို့နယ် ကညုံကျွန်းနှင့် ဂေါ့အင်းရွာတွင် သံဃာတော် ၁ ပါး အပါအဝင် ၁၂ ဦး ဖမ်းခံရ

လောင်းလုံးမြို့နယ် ကညုံကျွန်းနှင့် ဂေါ့အင်းရွာတွင် သံဃာတော် ၁ ပါး အပါအဝင် ၁၂ ဦး ဖမ်းခံရ

ဒီဇင်ဘာလ ၁၂ရက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကညုံကျွန်းရွာနှင့် ဂေါ့အင်းရွာတို့ရှိ သံဃာတော် တစ်ပါးနှင့် ပြည်သူ ၁၁ ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းတွင် မတရား ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ကျေးရွာနေ ဒေသခံများထံက သိရသည်။

ကညုံကျွန်း ကျေးရွာအနီး ထားဝယ် မြစ်ကမ်းနံဘေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ခြိမ်းခြောက် ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ကြောက်လန့် ထွက်ပြေး ရာမှ ယင်းသို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"သူတို့ ဖမ်းထားတဲ့ အထဲမှာ အသက် အငယ်ဆုံး ၁၃ နှစ် အရွယ်လည်း ပါတယ်။ အကုန်လုံးက ကလေးတွေပါ။ ဘာအပြစ်မှ မရှိဘဲ PDF အဖွဲ့တွေ ဆိုပြီး ဖမ်းသွားတယ်" ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာတွင် ဆန္ဒပြသူများနှင့် PDF များ ရှိသည်ဟုဆိုကာ ဒီဇင်ဘာ ၉ရက်က ဝင်ရောက်ရှာဖွေ စီးနင်းပြီး ရွာသင်္ချိုင်းကုန်း အနီး လက်နက်ငယ်တချို့ ရှာဖွေ တွေ့ရှိရာမှ ဒေသခံ ရွာသူ ရွာသားများကို စတင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကညုံကျွန်း ကျေးရွာရှိ သိင်္ဂုတ္တရ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် အင်အား ၂၀ ကျော်ရှိ စစ်ကောင်စီတပ်က တပ်စွဲထားကြောင်းနှင့် ယင်းကျောင်းမှ သံဃာတော် တစ်ပါးကိုလည်း ဖမ်းဆီးလိုက်ကြောင်း ဒေသခံ ရွာသူရွာသားများက ဆိုသည်။

"ကျောင်းထဲက သံဃာတော် တစ်ပါး ဖမ်းခံလိုက်ရတယ်။ ဘာကြောင့် ဖမ်းလည်းဆိုတာ တိတိ ကျကျ မသိရသေးဘူး "ဟု အဆိုပါ ဘုန်းတော်ကြီးကျောင်း အနီး နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသူ ၁၂ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်သား (PDF) များ ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီး အရေးယူထားခြင်း ဖြစ်သည်။

ထိုသို့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူများသည် အပြစ်မဲ့ ပြည်သူများသာ ဖြစ်ပြီး လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လုံးဝ မဟုတ်ကြောင်း လောင်းလုံးမြို့နယ် ပြည့်သူ့ ကာကွယ်ရေး တပ်ဖွဲ့ Lounglone People Defence Forces (LPDF) က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly