ပုလဲနှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်၊ ထိခိုက်သေဆုံးမှုများရှိ ဟုဆို

ပုလဲနှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်၊ ထိခိုက်သေဆုံးမှုများရှိ ဟုဆို

ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ခင်အေးရွာအရှေ့ထိပ်နှင့် မကွေးတိုင်း၊ မြိုင်မြို့နယ် မင်းတကျရွာ အထွက်တို့တွင် ယမန်နေ့ ဒီဇင်ဘာ ၉ ရက်က စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ခင်အေးရွာ အရှေ့ထိပ်တွင် ဒီဇင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ကျောမြို့မှ ထွက်လာသော တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၇) မှ စစ်ကောင်စီ အင်အား ၉၀ ခန့်နှင့် ဒေသခံ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

"ကျွန်တော်တို့ သတင်းကြိုရထားတယ်ဗျ၊ ဒီကောင်တွေ စစ်ကြောင်းက နှစ်ယောက်က ကျွန်တော်တို့ဆီ ထွက်ပြေးလာပြီး ခိုလှုံတယ်၊ မနေ့က သူတို့သတင်းပေးချက်အရ ကြိုပြီးသွားစောင့်ပြီး တိုက်တာ၊ ဒီကောင်တွေဘက်က လက်နက်ကြီးတွေနဲ့ ၁၂ ချက်လောက် ပြန်ပစ်တယ်၊ မိနစ် ၄၀ လောက် အပြန်အလှန် တိုက်ပွဲ ဖြစ်သွားတယ်။ ဒီကောင်တွေဘက်က ရှစ်ကောင်သေတယ်၊ လေးကောင်က ဒဏ်ရာပြင်းတယ်"ဟု ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PRA) ဘက်ကလည်း ရဲဘော်တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း မြိုင်မြို့နယ်၊ မင်းတကျရွာအထွက်တွင် ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၃၀ ခန့်က စစ်ကောင်စီတပ် အင်အား ၆၀ ခန့်ပါသည့် ခြေလျင်တပ်ကို PRA အဖွဲ့က ပဒေသာမိုင်း ခြောက်လုံးဆွဲကာ တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PRA အဖွဲ့က ပြောသည်။

မြိုင်မြို့နယ်သည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း အစပ်တွင် တည်ရှိနေသည့် မြို့နယ်ဖြစ်သည်။

"သူတို့ကမြိုင်ကနေ ထွက်လာတာ အင်အား ၆၀ လောက်တော့ရှိမယ်၊ ခြေမြန်တပ်လို့တော့ ယူဆရတယ်။ ပဒေသာမိုင်းတွေ ဆင်ထားတဲ့နေရာရောက်တော့ ခြောက်လုံးဆွဲလိုက်တယ်၊ ထိထိမိမိ ထိသွားတယ်၊ စစ်ခွေး (စစ်ကောင်စီတပ်သား) ငါးကောင် ကျတယ်လို့ အတည်ပြုလို့ရတယ်" ဟု ၎င်းကဆက်ပြောသည်။

PRA တပ်၏ အဆိုအရ ယမန်နေ့က ထိတွေ့တိုက်ပွဲ နှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၁၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly