ဒေါပုံမြို့နယ်တွင် ယနေ့ပိတ်သည့် ဈေးဆိုင်များကို စစ်ကောင်စီတပ် လိုက်လံဖျက်ဆီး

ဒေါပုံမြို့နယ်တွင် ယနေ့ပိတ်သည့် ဈေးဆိုင်များကို စစ်ကောင်စီတပ် လိုက်လံဖျက်ဆီး

ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ဇေယျာသီရိ ပေ ၈၀ လမ်းမတွင် ယနေ့ ဆိုင်မဖွင့်သည့် လမ်းဘေးဆိုင်နှင့် ဆိုင်ကြီးများကို နံနက် ၇ နာရီ မိနစ် ၃၀ မှ စတင်၍ စည်ပင်အဖွဲ့များက အင်အား အလုံးအရင်းဖြင့် လိုက်လံ ဖျက်ဆီးနေကြောင်း‌ ဒေသခံများထံက သိရသည်။ 

"ရတနာဈေးနားမှာ မနက်အစောက လူသိပ်မရှိတဲ့အချိန် အမိုးအုပ်ထားတဲ့ လမ်းဘေးမြောင်းကျော် ဖွင့်ထားတဲ့ဆိုင်တွေ ၊ မြောင်းကျော် ဖွင့်ထားတဲ့ ဆိုင်ကြီးတွေရောပဲ။ ဖြိုပြီး စည်ပင်ကားပေါ် တင်တာ။ သူတို့ ပါလာတဲ့ ပစ္စည်းတွေ Cutter တွေနဲ့ တိုင်ငုတ်တွေကအစ မကျန် မြင်သမျှဆိုင် အကုန်ဖျက်တာ။ စည်ပင်တွေက ဖြိုပြီး စစ်ကောင်စီ တပ်သားတွေက ဘေးနားမှာ သေနတ်နဲ့ စောင့်ပေးတယ် "ဟု တွေ့မြင်လိုက်သည့် ဒေသခံက မဇ္ဈိမကို ပြောသည်။ 

ထို့အပြင် ဒေါပုံမြို့နယ်နှင့် ထိစပ်နေသည့် သာကေတ မြို့နယ်ရှိ ရပ်ကွက်ငါးခုတွင်လည်း ယ‌နေ့ပိတ်ထားသည့် ဆိုင်များကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်ဖြင့် လှည့်လည်  စာရင်းကောက်ယူ နေကြောင်း ဒေသခံများက ပြောသည်။ 

ရန်ကုန်မြို့နယ် အချို့တွင်လည်း ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပိတ်သည့် ဆိုင်များကို ရပ်ကွက် အုပ်ချုပ်ရေမှူးများက မြေထိုးစက်ဖြင့် ဖြိုမည်ဟု  ခြိမ်းခြောက်ခြင်း ၊ဆိုင်ခန်းများ တံခါးလိုက်ထု၍ ဖွင့်ရန် ဖိအားပေးခြင်းများလည်း ရှိကြောင်း ဒေသခံများထံက သိရသည်။ 

ယနေ့  ဒီဇင်ဘာလ ၁၀ ရက်တွင် မြန်မာတစ်နိုင်ငံလုံးက မြို့၊ရွာ များတွင် လူထုက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုအဖြစ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required