ဒီဇင်ဘာ ၁၀
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ကိယက်ဗ်ရဲ့ စစ်တပ်နဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေအကြား ပဋိပက္ခဟာ "လူမျိုးတုန်းသတ်ဖြတ်မှု" ပုံစံပေါက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါဟာ အနောက်အုပ်စုနဲ့အကြား တင်းမာမှုတွေ မြင့်တက်နေချိန် ကာလမှာ ပူတင်က အထက်ပါအတိုင်း နှိုင်းယှဉ်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမြာ ဇီလန်စကီးအပြင် ရုရှားနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကရင်မလင်ရဲ့ စစ်ရေးကျူးကျော်နိုင်မှုနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ စီစဉ်ထားချိန် ခုလို ပူတင်ရဲ့ မှတ်ချက်စကား ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
သမ္မတ အခွင့်အရေးကောင်စီ အစည်းအဝေးတစ်ခုအတွင်း မေးခွန်းတစ်ခုကို ဖြေကြားစဉ် ပူတင်က အထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေးအတွင်း ရုရှားနယ်စပ်တွေရဲ့ ပြင်ပရှိ ရုရှားဘာသာစကားပြောဆိုသူတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်လို့ မေးခွန်းမေးမြန်းမှုတွေကို ပူတင်က ပိုင်နိုင်စွာ ဖြေကြားခဲ့ပါတယ်။
"ရုရှားကြောက်စိတ်လွန်ကဲမှုက လူမျိုးတုန်းသတ်မှုကို ဦးတည်တဲ့ ပထမဆုံးခြေလှမ်းတစ်ခုဖြစ်တယ်လို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်" လို့ ရုရှားခေါင်းဆောင်က ပြောပါတယ်။
"ဒွန်ဘတ်စ်မှာ ဖြစ်နေတာတွေကို ခင်ဗျားတို့၊ ကျွန်တော်တို့လည်း သိနေတာပဲလေ" ဟု ပူတင်က နိုင်ငံအရှေ့ပိုင်း ပဋိပက္ခဇုန်ကို ရည်ညွှန်းပြောဆိုပါတယ်။ "အဲဒါက လူမျိုးတုန်းသတ်မှု ပုံပေါက်နေတာ မလွဲဧကန်ပါပဲ" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။
ပူတင်ဟာ ယခင်ကာလတွေအတွင်း ၂၀၁၅ နဲ့ ၂၀၁၉ အကြား အပါအဝင် ယူကရိန်းအရှေ့ပိုင်း စစ်ပွဲနဲ့ပတ်သက်လို့ အလားတူ နှိုင်းယှဉ်ပြောဆိုမှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။
ယူကရိန်းမှာ လူအများစုကတော့ ယူကရိန်းဘာသာစကားရော၊ ရုရှားဘာသာစကားကိုရော ပြောဆိုကြပေမယ့် တောင်ပိုင်းနဲ့ အရှေ့ပိုင်း နဲ့အလယ်ပိုင်း ဧရိယာတချို့မှာ ရှိတဲ့ ဒေသတွေမှာတော့ အဓိကအားဖြင့်တော့ ရုရှားဘာသာစကား ပြောဆိုကြပါတယ်။
၂၀၁၄ ခုနှစ်က ယူကရိန်းမှာ ပေါ်ပြူလာလူထုအုံကြွမှုတစ်ခုကြောင့် မော်စကို ထောက်ခံတဲ့ အစိုးရတစ်ရပ် ပြုတ်ကျခဲ့ပါတယ်။
ယင်းနောက်ပိုင်း မော်စကိုက ခရိုင်းမီးယားဒေသကို တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် ယူကရိန်းစစ်တပ်ဟာ နိုင်ငံအရှေ့ပိုင်းမှာ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနဲ့အကြား ပဋိပက္ခစစ်မှာ တိုက်ခိုက်နေခဲ့ရပါတယ်။ ယင်းဒေသက တိုက်ပွဲတွေကြောင့် လက်ရှိအချိန်အထိ လူ့အသက်ပေါင်း ၁၃,၀၀၀ ခန့် ဆုံးရှုံးထားခဲ့ရပါတယ်။
ဒါ့အပြင် လက်ရှိမှာ ရုရှားဟာ ယူကရိန်းကို ကျူးကျော်ဖို့ စီစဉ်နေကြောင်းနဲ့ ကိယက်ဗ် နယ်စပ်တွေတလျှောက် တပ်ဖွဲ့ဝင်တွေ တပ်ချနေတယ်ဆိုပြီး အမေရိကန်နဲ့ ယင်းရဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း စွပ်စွဲထားခဲ့ပါတယ်။
ဘိုင်ဒင်ကတော့ ယခုအပတ်အစောပိုင်းက ဗီဒီယိုလင့်ကနေတဆင့် ပူတင်နဲ့ စကားပြောဆိုခဲ့ပြီး တကယ်လို့ ယူကရိန်းအပေါ် စစ်ရေးအရ ကျူးကျော်လုပ်ဆောင်လာခဲ့မယ်ဆိုရင် ရုရှားနိုင်ငံအနေနဲ့ အကြီးအကျယ် ထိခိုက်စေနိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကြုံရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။