ပါကစ္စတန် ဂွာဒါခရိုင်၌ ဒေသခံများ၏ ရပိုင်ခွင့်များဆိုင်ရာ တောင်းဆိုဆန္ဒပြပွဲ သီတင်း ၂ ပတ်ကျော် ကြာမြင့်လာ

By Asian Lite
09 December 2021
ပါကစ္စတန် ဂွာဒါခရိုင်၌ ဒေသခံများ၏ ရပိုင်ခွင့်များဆိုင်ရာ တောင်းဆိုဆန္ဒပြပွဲ သီတင်း ၂ ပတ်ကျော် ကြာမြင့်လာ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဂွာဒါခရိုင်တွင် ဒေသခံများက ၎င်းတို့၏ ရပိုင်ခွင့်၊ အခွင့်အရေးများနှင့်ပတ်သက်ပြီး တောင်းဆိုဆန္ဒပြမှုများ လုပ်ဆောင်နေသည်မှာ ယခုအခါ သီတင်းပတ်နှစ်ပတ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် ဘာလိုချီစတန် အစိုးရကို တောင်းဆိုနေခြင်း မရှိသော်လည်း ၎င်းတို့ မူလရရှိထားခဲ့သည့် ငါးဖမ်းခြင်း ကဲ့သို့သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွက် အကာအကွယ် ရရှိရေးအတွက်ကိုသာ တောင်းဆိုနေခြင်းဖြစ်ကြောင်း Jamaat-i-Islami ၏ ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရာမန်က ပြောကြားကြောင်း Asian Lite က ဖော်ပြသည်။

ပါကစ္စတန်၊ ဂွာဒါခရိုင်တွင် အမျိုးသမီးများ၊ ကလေးများအပါအဝင် လူပေါင်းထောင်နှင့်ချီတို့သည် ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်နေကြပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်ဆိုလျင် ဆန္ဒပြမှုသည် ၁၇ ရက်မြောက်အထိ ရှိခဲ့ပြီ ဖြစ်သည်။ ဆန္ဒပြသူများ၏ တောင်းဆိုမှုများထဲတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ "ဆွဲပိုက်ချသင်္ဘောများ မာဖီးယားဂိုဏ်း" သဖွယ် ဖြစ်နေမှုကို ရပ်တန့်ရေးတို့ ပါဝင်သည်ဟု Dawn က ဖော်ပြသည်။

Jamaat-i-Islami ၏ ပြည်တွင်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် မော်လာနာ ဟီဒါယက် အူရာ ရာမန် ဦးဆောင်သည့် Gwadar Ko Huqooq Do Tehreek (ဂွာဒါလှုပ်ရှားမှုအတွက် အခွင့်အရေးများ ပေးပါ) ဆိုသည့် ဆန္ဒပြမှုတွင် ဂွာဒါ၊ တာဘတ်၊ ပစ်ရှ်ကန်၊ ဇမ်ရန်၊ ဘူလီဒါ၊ အော်မာရာ နှင့် ပက်စ်နီတို့မှ ဆန္ဒပြသူများ ပါဝင်ဆန္ဒပြနေကြသည်။

၎င်းတို့၏ တောင်းဆိုချက်များကို အာဏာပိုင်တို့ဘက်မှ ဖြည့်ဆည်းမပေးမချင်း ဆန္ဒပြမှုကို ဆက်လုပ်သွားမည်ဟု ၎င်းတို့က သံန္နိဋ္ဌာန်ချထားကြသည်။

၂၀၀၂ ခုနှစ်က ဂွာဒါ ဆိပ်ကမ်း ဖွင့်လှစ်ခဲ့ချိန်နှင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) ဖော်ဆောင်မှုလုပ်ငန်း စတင်ခဲ့ချိန်တို့တွင် ယင်းပရောဂျက်များက ပြည်နယ်ကိုသာမက ပါကစ္စတန်တနိုင်ငံလုံးကို အသွင်ပြောင်းလဲစေလိမ့်မည်ဖြစ်သည်ဟု ဂွာဒါပြည်သူများကို ပြောကြားခဲ့မှု ရှိခဲ့ကြောင်း ရာမန်က အစောပိုင်းက Dawn News အစီအစဥ်တွင် ပြောခဲ့သည်။

"ဒါပေမယ့် ဂွာဒါ ဒေသခံတွေဟာ သောက်သုံးရေ၊ လျှပ်စစ်မီး၊ ပညာရေး၊ ဆေးကုသမှု ဒါမှမဟုတ် အလုပ်အကိုင် စသဖြင့် ဘာတစ်ခုမှ မရရှိကြပါဘူး၊ သူတို့ လေးစားမှုလည်း မခံရပါဘူး၊ စီပီအီးစီရဲ့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ဘာလိုချီစတန်အတွက် မသုံးထားပါဘူး၊ အဲဒီအစား ကျွန်တော်တို့မှာ လူသေအလောင်းတွေပဲ ရနေပါတယ်" ဟု ၎င်းက ပြောခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ဆန္ဒပြသူများသည် အလုပ်အကိုင် အခွင့်အလမ်းများအတွက် ဘာလိုချီစတန် အစိုးရကို တောင်းဆိုနေခြင်း မရှိသော်လည်း ၎င်းတို့ မူလရှိထားခဲ့သည့် ငါးဖမ်းခြင်း ကဲ့သို့သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွက် အကာအကွယ် ရရှိရေးကိုသာ တောင်းဆိုနေခြင်းဖြစ်ကြောင်း ရာမန်က ပြောခဲ့သည်။

"ဖက်ဒရယ်နဲ့ ပြည်နယ် အစိုးရတွေ၊ နောက် သြဇာကြီးပုဂ္ဂိုလ်တွေဟာ ဆွဲပိုက်ချသင်္ဘော မာဖီးယားဂိုဏ်းကိုပဲ အားပေးနေပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly