အိုမီခရွန်က ကူးစက်မှုနှုန်း မြင့်မားနိုင်ပေမယ့် ရောဂါ မပြင်းထန်လို့ WHO ပြော

အိုမီခရွန်က ကူးစက်မှုနှုန်း မြင့်မားနိုင်ပေမယ့် ရောဂါ မပြင်းထန်လို့ WHO ပြော
Photo - AFP

ဒီဇင်ဘာ ၉

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန်ဟာ ကိုရိုနာ ကူးစက်ဖြစ်ပွားဖူးသူနဲ့ ကာကွယ်ဆေး ထိုးပြီးသူတွေမှာပါ အလွယ်တကူ ပြန်လည်ကူးစက်နိုင်တဲ့ ဘေး မြင့်မားတာကို အစောပိုင်း အချက်အလက်တွေက ပြသကြောင်း WHO က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

ဒါပေမဲ့ ခုလို ကူးစက်မှုဘေး မြင့်မားပေမယ့် အရင် မျိုးကွဲတွေလောက်တော့ ရောဂါ ပြင်းထန်ခြင်း ရှိမှာ မဟုတ်ဘူးလို့ WHO အကြီးအကဲ တက်ဒရော့စ် အက်ဟန်နွမ် ဂျီဘရီယေဆက်စ်က ပြောသည်။ 

“တောင်အာဖရိကက ထွက်ပေါ်လာဆဲ အချက်အလက်တွေက ညွှန်ပြနေတာကတော့ အိုမီခရွန်ဟာ ဗိုင်းရပ်စ် ပြန်လည်ကူးစက်ခံရမယ့်ဘေးမှာ မြင့်မြင့်မားမား ရှိနေတာကို ပြသနေပါတယ်”လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ အချို့ သက်သေအချက်အလက်တွေအရလည်း အိုမီခရွန်ဟာ ဒဲလ်တာဗိုင်းရပ်စ်မျိုးကွဲထက် ရောဂါမပြင်းထန်တာကိုလည်း သိရတယ်လို့ တက်ဒရော့စ်က ဆိုပါတယ်။ 

ဒါပေမဲ့ ခိုင်ခိုင်မာမာ ကောက်ချက်ချဖို့အတွက်တော့ အချက်အလက်တွေ ဒီထက်မက ပိုလိုအပ်နေသေးတယ်လို့တော့ သူက အလေးအနက် ပြောပြီး နိုင်ငံတိုင်းအနေနဲ့ စစ်ဆေးစမ်းသပ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်ကြဖို့ကိုပါ တိုက်တွန်းပါတယ်။ 

သန္ဓေပြောင်းလဲထားတဲ့ အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲနဲ့ ပတ်သက်လို့ ကမ္ဘာတစ်လွှား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ ဒီ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မျှော်လင့်ထားတဲ့ အကဲဖြတ်ချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 

အိုမီခရွန်ကြောင့် နိုင်ငံဒါဇင်များစွာဟာ နယ်စပ်တွေမှာ ကန့်သတ်စည်းမျဉ်းတွေ ပြန်လည်ချမှတ်လာခဲ့သလို စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ပိတ်သိမ်းရမယ့် အဖြစ်ကိုလည်း ဦးတည်လို့ နေပါတယ်။ 

အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ပွားတဲ့ ရောဂါဟာ အရင် မျိုးကွဲတွေလောက် မပြင်းထန်ဘူးဆိုပေမယ့်လည်း မပေါ့ဆသင့်ကြောင်းတော့ တက်ဒရော့စ်က သတိပေးပါတယ်။ 

WHO အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ရိုင်ယန်ကလည်း တက်ဒရော့စ်ရဲ့ သတိပေးချက်ကို ထောက်ခံပြီး အိုမီခရွန်ဟာ ဒဲလ်တာမျိုးကွဲထက် ပိုပြီး ကူးစက်နှုန်း မြင့်မားဖွယ် ရှိတယ်လို့ ပြောပါတယ်။ 

“ဗိုင်းရပ်စ် ရပ်တန့်နိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါ”လို့ သူက ပြောပါတယ်။ “ဒါပေမဲ့ ပြောလိုတာကတော့ အခု ဗိုင်းရပ်စ်မျိုးကွဲဟာ လူတွေကြားမှာ ပိုပြီး ကူးစက်မှု မြင့်မားနိုင်တယ် ဆိုတာပါပဲ”လို့ မိုက်ကယ် ရိုင်ယန်က ပြောခဲ့ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly