ဘဏ္ဍာရေးဆိုင်ရာ အရာရှိ ၁၀၀ ကျော်က အိန္ဒိယ၏ စီးပွားရေး ၂၀၂၂ ခုနှစ်တွင် တိုးတက်မည်ဟု ခန့်မှန်း

ဘဏ္ဍာရေးဆိုင်ရာ အရာရှိ ၁၀၀ ကျော်က အိန္ဒိယ၏ စီးပွားရေး ၂၀၂၂ ခုနှစ်တွင် တိုးတက်မည်ဟု ခန့်မှန်း

အိန္ဒိယတွင် စီးပွားရေးလုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်ခြင်းနှင့်အတူ ကိုဗစ်ကပ်ရောဂါနှင့် သက်ဆိုင်သည့် မသေချာမှုများ လျော့ကျသွားသလို ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန် စိတ်ပါဝင်စား လာကြကြောင်း အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် အများအပြားက ကိုဗစ်ကပ်ရောဂါအလွန် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အလေးထားစောင့်ကြည့်နေကြကြောင်း Deloitte Touche Tohmatsu India LLP (Deloitte India) ပြုလုပ်သည့် စစ်တမ်းတစ်စောင်တွင် ဖော်ပြထားသည်။

စီးပွားရေးသည် လက်ရှိဘဏ္ဍာနှစ်အတွင်း ၅-၁၀ ရာခိုင်နှုန်းသို့မဟုတ် ထို့ထက်ပို၍ တိုးတက်လာနိုင်ကြောင်း စစ်တမ်းတွင် ပါဝင်သူ ၇၀ ရာခိုင်နှုန်းခန့်က ဖြေဆိုခဲ့ကြသည်။

စစ်တမ်းကို အွန်လိုင်းမှတစ်ဆင့် ယခုနှစ် ဇန်နဝါရီနှင့် ဇူလိုင်လအကြား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကဏ္ဍအသီးသီးမှ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ၁၀၀ ကျော် ပါဝင်ခဲ့ကြရာတွင် ၎င်းတို့သည် အိန္ဒိယတွင် ရုံးချုပ်ရှိသည့် ပြည်တွင်းနှင့် နို်ငငံတကာ ကုမ္ပဏီများမှာ အရာရှိများ ဖြစ်ကြသည်။

စစ်တမ်းတွင် ဖြေဆိုသူများအနက် ၁၈ ရာခိုင်နှုန်းနီးပါးက စီးပွားရေးတိုးတက်နိုင်မည့် အခြေအနေကို များစွာ မျှော်လင့်မထားသလို စီးပွားရေး ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသူ အချို့လည်း ရှိသည်။

ကပ်ရောဂါ၏ သက်ရောက်မှုကို ဆိုးရွားစွာ ကြုံတွေ့ရသည့် ကားထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့၏ ကဏ္ဍပြန်လည်တိုးတက်နိုင်မည့် အခြေအနေကို သံသယရှိနေသည်။ လက်ရှိဘဏ္ဍာရေးနှစ်တွင် ဝင်ငွေတိုးတက်နို်ငမည်ဟု မျှော်လင့်ထားသူ ၃၆ ရာခိုင်နှုန်းသာ ရှိနေသည်။

ခြုံငုံသုံးသပ်ရာတွင် ဝင်ငွေနှင့် အသုံးစရိတ် တိုးတက်မှုနှုန်းသည် မြင့်တက်လာမည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ လူအများက ကျန်းမာရေးစောင့်ရှောက် ကာကွယ်မှုများ ပိုမိုလုပ်ဆောင်လာကြသဖြင့် ဘဝနေထိုင်မှုဆိုင်ရာ သိပ္ပံပညာရပ်နှင့် ကျန်းမာရေးနယ်ပယ်အတွက် အထူးသဖြင့် တိုးတက်နိုင်ကြောင်း ဖြေဆိုခဲ့ကြသည်။

ထို့ပြင် ပါဝင်ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက စီးပွားရေးမဟာဗျူဟာများ၊ လုပ်အားခ သုံးစွဲမှုများနှင့် ကြွေးမြီဆိုင်ရာ ကုန်ကျစရိတ်များကြောင့် လုပ်ငန်းဆိုင်ရာ သုံးစွဲမှုတွင် မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

ထို့ပြင် ကိုဗစ်-၁၉ ကာလအလွန် မြင့်တက်လာသည့် ယှဉ်ပြိုင်မှု များတွင် အောင်မြင်တိုးတက်ရန် ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်များက ၎င်းတို့၏ ဦးစားပေးအစီအစဉ်များကို စတင်ပြင်ဆင်ထားကြသည်။

“ဝင်ငွေနှင့် လုပ်ငန်းတိုးတက်စေရေးအပြင် ၎င်းတို့အနေဖြင့် ဖွံ့ဖြိုးမှုအတွက် အဆင်ပြေသည့် အခြေအနေကို ဖန်တီးနိုင်ရန် ဦးစားပေးအစီအစဉ်များကို ပြန်လည် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly