မြောက်ဦးမြို့နယ်တွင် COVID -19 ဆေးကိစ္စနှင့် ပန်းခင်းစီမံချက်အတွက်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲဝင်စစ်

မြောက်ဦးမြို့နယ်တွင် COVID -19 ဆေးကိစ္စနှင့် ပန်းခင်းစီမံချက်အတွက်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲဝင်စစ်

ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာကို COVID -19 ဆေးကိစ္စနှင့် ပန်းခင်းစီမံချက်အတွက်ဟုဆိုကာ စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသာထွန်းက ပြောသည်။ 

ယနေ့ ဒီဇင်ဘာ ၈ရက် နံနက် ၈ နာရီက မြောက်ဦးမြို့ ရှိ (၅၄၀)တပ်မှ စစ်ကားနှစ်စီးဖြင့် လာရောက်ကာ အထက်ပါအတိုင်း အကြောင်းပြ၍ လဝက ဌာန
က မှတ်ပုံတင် လုပ်ပေးခြင်း ရှိ၊မရှိကိုလည်း  စစ်ဆေးသွားကြောင်း သိရသည်။ 

"မလာခင် နှစ်ရက်၊ သုံးရက်လောက်က သူတို့ကဖုန်းဆက်တယ်။ ဘုန်းကြီးကျောင်းမှာ ရပ်မိ၊ရပ်ဖနှင့် ကျေးရွာလူကြီး ၂၀ခန့်နဲ့ စကားပြောကြတယ်။ လာတဲ့အကြောင်းအရင်းက ကျေးရွာအတွင်း COVID -19  ဆေးထိုးတဲ့ကိစ္စရယ်၊ ပန်းခင်းစီမံချက်အတွက် မှတ်ပုံတင်လုပ်ပေးဖို့ အတွက်ပါ။ ကျေးရွာအတွင်း အိမ်ထောင်စုစာရင်းကို တောင်းတယ်။ 

လူဦးရေ အရေအတွက်ကို မေးတယ်။ နောက်ပြီးသူတို့ စာသင်ကျောင်းကိုသွားတယ်။ ကျောင်းသူ၊ ကျောင်းသား ဦးရေကိုမေးတယ်။ ဆရာ၊ဆရာမ အရေအတွက်မေးတယ်’’ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ 

စစ်သားများက ဘုန်းကြီးကျောင်း၊  စာသင်ကျောင်းနှင့် ရွာအတွင်း ဝင်ရောက်လာခြင်းကြောင့် ဒေသခံများက ထိတ်လန့်ခဲ့ရကြောင်း အမည်မဖော်လိုသည့် ကျေးရွာသူတစ်ဦးက ပြောသည်။ 

"ရွာထဲကို စစ်သားတွေဝင်လာတော့ စိုးရိမ်ပြီးတော့ ဘယ်မှလည်း မသွားရဲတော့ဘူး။ ကျေးရွာအထဲက နေအိမ်တွေကို စစ်ဆေးတာတွေတော့ မလုပ်ခဲ့ပါ” ဟု ၎င်းက ပြောသည်။ 

ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံတွင်း နေထိုင်သည့် မွေးရာပါ နိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများကို နိုင်ငံသားစိစစ်ရေးဆိုင်ရာ ကတ် ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြုလုပ်သည့် စီမံချက်တစ်ခုဖြစ်သည်။ 

ကင်းဆိပ်ကျေးရွာသည် မြောက်ဦးမြို့နှင့် နှစ်မိုင်ခန့်သာကွာဝေးပြီး အိမ်ခြေ ၂၀၀ခန့် ရှိသည့် ရွာဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required