မန္တလေး စိန်ပန်းသပိတ် အပြီး ရပ်ကွက်နေပြည်သူ ၁၀ ဦးကျော် ဖမ်းဆီးခံရ

မန္တလေး စိန်ပန်းသပိတ် အပြီး ရပ်ကွက်နေပြည်သူ ၁၀ ဦးကျော် ဖမ်းဆီးခံရ

ဒီဇင်ဘာ ၈

မန္တလေး စိန်ပန်းသပိတ်စစ်ကြောင်း လူစုခွဲအပြီး  နာရီပိုင်းအကြာတွင် စစ်ကောင်စီ အဖွဲ့ဝင်များက သပိတ်စစ်ကြောင်း လုပ်ခဲ့သည့် ရပ်ကွက်ရှိ ပြည်သူ ၁၃ ဦးကို လာရောက် ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်၊ မင်းကုန်းရပ်ကွက်တွင် ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့်သပိတ် လူစုခွဲအပြီး  ည ၁၀ နာရီ ဝန်းကျင်တွင် မင်းကုန်းရက်ကွက်နှင့် နေပူရွာ ရပ်ကွက်မှ ပြည်သူ ၁၃ ဦး ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

"ည ၁၀ နာရီ ၁၁ နာရီလောက်မှာ သပိတ်လုပ်ခဲ့တဲ့ လမ်းတွေ၊ ပတ်ဝန်းကျင် အကုန်လုံးကို ဧည့်စာရင်း စစ်တဲ့ ပုံမျိုးနဲ့ ပတ်ရှာတယ်။ အဓိကကတော့ သပိတ်က သူတွေကို ရှာချင်တာပေါ့။ အဲ့ဒီမှာ ယောက်ျားလေး ခုနှစ်ယောက် နဲ့ မိန်းကလေး လေးယောက်လောက် ဖမ်းသွားတယ်။ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ ယောက်ျားလေး နှစ်ယောက်ကိုပါ ဖမ်းသေးတယ်။ သူတို့အားလုံးက သပိတ်က လူတွေ မဟုတ်ဘူး။ ရပ်ကွက်နေ ပြည်သူတွေပဲ" ဟု အဆိုပါ ရပ်ကွက်နေ ဒေသခံက  မဇ္ဈိမကို  ပြောသည်။

ထိုသို့ ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဝတ်များ ပါဝင်ပြီး အင်အား အများအပြားဖြင့် လာရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဘာမှ မလုပ်ရင် ဘာမှမဖြစ်ဘူးဆိုပြီး ခေါ်သွားတယ်။ အရင်ဆုံး ရဲတွေ အရင်ရောက်လာပြီး ဝင်မွှေတယ်။ ပြီးတော့ စစ်ကားတွေ ရောက်လာတယ်။ အင်အား တော်တော်များတယ်။ တပ်မ ဘယ်လောက်ရယ် လို့တော့ အတိအကျ မသိဘူး။ စစ်ကားအကြီး နှစ်စီး၊ အချုပ်ကား နှစ်စီး၊ အိမ်စီးကား ခြောက်စီးနဲ့ Double cab တွေကလည်း ရပ်ကွက် ပတ်ပတ်လည် ပတ်နေတာ" ဟု ဒေသခံက ပြောသည်။

ဖမ်းဆီးခံရသော ပြည်သူများကို မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊  ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ အမှတ် (၇) ရဲစခန်းတွင် ဖမ်းဆီးထားပြီး အချို့သည် မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် ရရှိသည်ဟုလည်း အဆိုပါ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။

"ဖမ်းခံရတဲ့ သူတွေနောက် လိုက်သွားတဲ့ တချို့ မိသားစုဝင်တွေကိုတော့ မနက် ၁၀ နာရီ လာခေါ်လှည့်လို့ ချိန်းထားတယ်။ ဒါပေမဲ့ ခုထိတော့ ဘာမှ အကြောင်းမပြန်သေးဘူးလို့  ကြားတယ်" ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တွင် အစစ်အဆေး အဖမ်းအဆီး များနေသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်များ နေ့စဉ် ရက်ဆက်  ပြုလုပ်နေကြဆဲ ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required