ပါကစ္စတန် ဆင်းန်ပြည်နယ် ဘားကောင်စီအရာရှိ နေ့ခင်းကြောင်တောင် ပစ်သတ်ခံရ

By The News
08 December 2021
ပါကစ္စတန် ဆင်းန်ပြည်နယ် ဘားကောင်စီအရာရှိ နေ့ခင်းကြောင်တောင် ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ် ဘားကောင်စီ (SBC) ၏ အရာရှိတစ်ဦးဖြစ်သည့် အီရာဖန် အလီ မီဟာသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းက ဂူလစ်စတန်-အီ-ဂျော်ဟာ နယ်မြေတွင် နေ့ခင်းကြောင်တောင် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ထိုဖြစ်စဥ်တွင် အီရာဖန် အလီ မီဟာသည် ကားမောင်းနေခဲ့စဥ် ဂူလစ်စတန်-အီ-ဂျော်ဟာ နယ်မြေ အကွက်အမှတ် ၁၃ ရှိ ချက်ပယ် ပလာဇာအနီးရှိ ၎င်း၏နေအိမ်အနီးတွင် မနက် ၇ နာရီ ၅၄ မိနစ်ခန့်တွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

"သူ (အသတ်ခံရသူ) က သူ့သားကို ကျောင်းသွားပို့ပြီးတော့ အိမ်ပြန်လာချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်" ဟု Sharae Faisal ရဲစခန်းမှ အရာရှိတစ်ဦးဖြစ်သည့် ရာနာ ဟက်ဆိ(ဘ်)က ပြောသည်။

"သူနဲ့အတူ ကျောင်းသွားဖို့ လိုက်လာတဲ့ အသက် ၁၃ နှစ်အရွယ် သူတူဖြစ်သူကတော့ အကြီးအကျယ် အထိတ်တလန့် ဖြစ်သွားပါတယ်"

မီဟာကို ပွိုင့် ၃၀ ပစ္စတိုနှင့် ငါးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျည်ခွံ သုံးခုကို ရဲများက သိမ်းဆည်းရရှိထားကြောင်း ရာနာ ဟက်ဆိ(ဘ်)က ပြောသည်။

ကျည်ခွံများကို မှုခင်းဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်ရန်အတွက် ဆင်းန် ရဲတပ်ဖွဲ့ မှုခင်းဆေးပညာဌာနသို့ ပို့ထားသည်ဟု သိရသည်။

ရဲများသည် ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး စီစီတီဗွီ မှတ်တမ်းတစ်ခုကို ရရှိထားသည်။

သံသယရှိသူများသည် ဦးထုပ်၊ အနက်ရောင် ဘောင်းဘီရှည်များနှင့် ရှုးဖိနပ်တို့ ဝတ်ထားခဲ့ကြသည်ဟု သိရသည်။

၎င်းတို့အနက်မှ တစ်ဦးက ကားမောင်းသူကို ချိန်ရွယ်ပြီး ပစ်ခတ်နေခဲ့သည်ကို စီစီတီဗွီတွင် တွေ့ခဲ့ရသည်။ တိုက်ခိုက်သတ်ဖြတ်သူများသည် ကျွမ်းကျင်တိုက်ခိုက်ရေးသမားများဖြစ်နေသည့်ပုံ ပေါ်နေခဲ့ပြီး ၎င်းတို့သည် မီဟာကို အနီးအကပ် ချိန်ရွယ်ပြီး ထပ်တလဲလဲ ပစ်ခတ်ခဲ့သည့်အတွက် မီဟာသည် နေရာတွင် ပွဲချင်းပီး သေဆုံးသွားခဲ့သည်။

ယခုအခါ ၎င်း၏ အလောင်းကို ခွဲစိတ်စစ်ဆေးရန် ဂျင်နာ ဘွဲ့လွန် ဆေးပညာစင်တာသို့ ပို့ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly