နိုင်ငံတကာဖိအားပေးမှုရှိနေသော်ငြား အကြမ်းဖက်အဖွဲ့များကို ပါကစ္စတန်က ထောက်ခံအားပေးနေဆဲ

နိုင်ငံတကာဖိအားပေးမှုရှိနေသော်ငြား အကြမ်းဖက်အဖွဲ့များကို ပါကစ္စတန်က ထောက်ခံအားပေးနေဆဲ

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရသည် ၎င်းတို့မြေပေါ်ရှိ အကြမ်းဖက်ဝါဒကို ထိန်းချုပ်ဟန့်တားနိုင်ရန် ပျက်ကွက်ထားခဲ့သည်။

ပါကစ္စတန်ရှိ ရွေးကောက်ခံအစိုးရသည် ၂၀၀၈ မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဥ် ဖြစ်ပြီးနောက် အကြမ်းဖက်မှု ဗဟိုချက်အားလုံးကို အမြစ်ပါမကျန် ဖယ်ရှားရှင်းလင်းရန် ရွှေရောင်အခွင့်အလမ်းတစ်ခု ရှိခဲ့ကြောင်း Times of Israel ရှိ ဆာဂျီယို ရက်စ်တယ်လီ၏ ဘလော့ပို့စ်တွင် ရေးသားထားသည်။

အစောပိုင်းကလည်း မွမ်ဘိုင်းတိုက်ခိုက်မှုကို စီစဥ် လုပ်ဆောင်ထားခဲ့သည့် လက်ရှ်ကာ အီ တိုင်ဘာ (LeT) အကြမ်းဖက်သမားများအပေါ် အခိုင်အမာ အရေးယူရန် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်မှ ပါကစ္စတန်အပေါ် ပြင်းထန်သည့် ဖိအားပေးမှုတစ်ခု ရှိခဲ့သည်။

သို့သော် ပါကစ္စတန်တို့ဘက်က အရေးယူရန် ပျက်ကွက်ခဲ့ပြီး ယင်းက နိုင်ငံအပေါ် ဂယက်ရိုက်ခတ်မှုများ ရှိစေခဲ့သလို ယင်းကဲ့သို့ အရေးမယူခြင်းအားဖြင့် အစွန်းရောက်အဖွဲ့များကို အားကောင်းစေရုံတင်မကဘဲ ယင်းကဲ့သို့သော အကြမ်းဖက်အဖွဲ့များ ထပ်မံဖွဲ့စည်းပေါ်ပေါက်စေရန် အားပေးသလိုဖြစ်ခဲ့သည်။

ပါကစ္စတန်တွင် လှုပ်ရှားနေသည့် အဓိက စစ်သွေးကြွအဖွဲ့ ၁၅ ခု ရှိနေပြီး ယင်းတို့က ကမ္ဘာတဝန်း အကြမ်းဖက်လုပ်ဆောင်ချက်များအတွက် တာဝန်ရှိကြောင်း အမေရိကန် ကွန်ဂရက်ဆိုင်ရာ သုတေသနလုပ်ငန်း (CRS) က ဖော်ပြခဲ့သည်။

CRS က စာရင်းဖော်ပြခဲ့သည့် အကြမ်းဖက်အဖွဲ့ ၁၅ ခုထဲတွင် အယ်လ် ကိုင်ဒါ၊ အိုင်အက်စ်-ခိုရာစန်၊ ဟက်ကာနီ ကွန်ရက်၊ လက်ရှ်ကာ အီ တိုင်ဘာ၊ ဂျိုင့်ရှ် အီ မိုဟာမက်၊ ဟာရာကက် အူ ဂျီဟတ် အစ္စလာမီ၊ ဟာရာကက် အူ မူဂျာဟစ်ဒင်၊ ဟစ်ဇ်ဘူလ် မူဂျာဟစ်ဒင်၊ တာရစ်ခ်-အီ-တာလီဘန် ပါကစ္စတန်တို့ ပါဝင်နေသည်။

"အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရသွားတာကြောင့် ဒီအဖွဲ့တွေဟာ ပိုပြီးတော့ အင်အားကောင်းသွားဖို့ ရှိနေပြီး ဒေသဆိုင်ရာ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လိုမှုပိုင်းမှာ ပြန်လည်နိုးထလာမှုကို ဦးတည်စေနိုင်တယ်လို့ မျှော်လင့်ရပါတယ်" ဟု CRS က ပြောသည်။

ထို့ပြင် အစွန်းရောက်၊ အကြမ်းဖက်အဖွဲ့များနှင့် ပါကစ္စတန်၏ သြဇာကြီးစစ်တပ်၊ ယင်း၏ ထောက်လှမ်းရေးအေဂျင်စီ ISI တို့အကြား ဆက်စပ်မှု ရှိသည်ဟု နိုင်ငံတကာ သတင်းဖော်ပြချက်တစ်ချို့က ဖော်ပြပါရှိကြောင်း ရက်စ်တယ်လီ၏ ဘလော့က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly