ပါကစ္စတန်၌ ပညာသင်ရန် စကောလားရှစ်ရထားသည့် အာဖဂန်ကျောင်းသားများ ဗီဇာမရသေး၍ အခက်ကြုံနေ

By Alarabiyapost
08 December 2021
ပါကစ္စတန်၌ ပညာသင်ရန် စကောလားရှစ်ရထားသည့် အာဖဂန်ကျောင်းသားများ ဗီဇာမရသေး၍ အခက်ကြုံနေ

ပါကစ္စတန်နိုင်ငံတွင် ပညာသင်ကြားရန် ပညာတော်သင်ဆုများ ရရှိထားသည့် အာဖဂန်နစ္စတန် ကျောင်းသားတချို့သည် ဗီဇာ မရရှိသေးသည့်အတွက် လက်ရှိအချိန်အထိ ခရီးသွားနိုင်ခြင်း မရှိသေးဟု သိရသည်။ ယင်းအတွက်ကြောင့် အဆိုပါ ကျောင်းသားများက ကဘူးလ်မြို့ရှိ ပါကစ္စတန်သံရုံး အပြင်ဘက်တွင် ဆန္ဒပြတောင်းဆိုမှုများ လုပ်ဆောင်ခဲ့ကြသည်။

"ကျောင်းသားတွေက နိုင်ငံရေးနဲ့ မသက်ဆိုင်ပါဘူး၊ ကျွန်တော်တို့ရဲ့ ဗီဇာတွေကို ကျွန်တော်တို့ လိုချင်ပါတယ်" ဆိုသည့် စာသားများ ရေးထားသည့် လက်ကိုင်ပိုစတာများကိုင်ဆောင်လျက် အာဖဂန်ကျောင်းသားများက သံရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။

"ကျွန်တော်တို့အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးဖို့ ပါကစ္စတန်ရဲ့ သက်ဆိုင်ရာဌာနတွေကို ကျွန်တော်တို့ ပန်ကြားချင်ပါတယ်" ဟု ကျောင်းသားတစ်ဦးဖြစ်သည့် ဂျဟန် ဇိုင်ဘ် ဝါဇီရီက ပြောသည်။

"ပြီးခဲ့တဲ့ ရက် ၄၀ လောက်ကတည်းက သင်ခန်းစာတွေ စသင်နေပြီ ဖြစ်ပါတယ်၊ ဒါပေမယ့် ခုထက်ထိ ကျွန်တော်တို့ကတော့ တက္ကသိုလ်တွေမှာ ပူးပေါင်းနိုင်မှု မရှိသေးပါဘူး" ဟု မီလက်ဒ် အာမက်ဒ် အမည်ရှိ အခြားကျောင်းသားတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသားများသည် အစ္စလမ်မာဘတ်ရှိ Allama Iqbal Open University တက္ကသိုလ်တွင် တက္ကသိုလ်ပထမဘွဲ့၊ မာစတာဘွဲ့ နှင့် ပါရဂူဘွဲ့တို့အတွက် စကောလားရှစ်များ ရရှိထားကြခြင်းဖြစ်သည်။

"ကျွန်မတို့ကို ဗီဇာတွေ မြန်မြန် ထုတ်ပေးစေချင်ပါတယ်၊ ဒါမှ ကျွန်မတို့ သင်ခန်းစာတွေ စတင်သင်ယူနိုင်မှာဖြစ်ပါတယ်" ဟု အမည်မဖော်လိုသူ ကျောင်းသူတစ်ဦးက ပြောသည်။

ကျောင်းသားများ၏ အဆိုအရ စာသင်တန်းများသည် ပြီးခဲ့သည့် နှစ်လနီးပါးအကြာကတည်းက စတင်နေခဲ့ပြီဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကဘူးလ်ရှိ ပါကစ္စတန်သံရုံးက မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly