ပါကစ္စတန်၏ စံချိန်တင် ကုန်သွယ်ရေးလိုငွေပြမှုက စီးပွားရေးပြိုလဲမှုဆိုင်ရာ အန္တရာယ်ရှိသည့် လက္ခဏာဖြစ်ဟု အတိုက်အခံခေါင်းဆောင် ပြော

By International The News
08 December 2021
ပါကစ္စတန်၏ စံချိန်တင် ကုန်သွယ်ရေးလိုငွေပြမှုက စီးပွားရေးပြိုလဲမှုဆိုင်ရာ အန္တရာယ်ရှိသည့် လက္ခဏာဖြစ်ဟု အတိုက်အခံခေါင်းဆောင် ပြော

ပါကစ္စတန်ရူပီးငွေနှင့်ယှဥ်ပါက အမေရိကန်ဒေါ်လာတန်ဖိုး တရှိန်ထိုးမြင့်တက်နေမှုက "စီးပွားရေးဆိုင်ရာ ကြီးမားသည့် ထိခိုက်ပျက်စီးမှု" ၏ လက္ခဏာတစ်ခု ဖြစ်သည်ဟု ပါကစ္စတန်အမျိုးသားလွှတ်တော်ရှိ အတိုက်အခံခေါင်းဆောင် ရှဘတ်ဇ် ရှာရစ်ဖ်က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားလိုက်သည်။ ရူပီး-ဒေါ်လာ ငွေတန်ဖိုးနှိုင်းယှဥ်မှုတွင် သိသာထင်ရှားသည့် အတက်အကျများဖြစ်နေခြင်းသည် နိုင်ငံတွင် "ခိုင်မာသည့် စီးပွားရေးမူဝါဒတစ်ရပ် ကင်းမဲ့မှု" ကြောင့် ဖြစ်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ပါကစ္စတန် နိုင်ငံသုံး ရူပီးငွေတန်ဖိုးသည် နိုဝင်ဘာ ၂၆ ရက်က ၁၇၅ ရူပီးအထက်ဖြင့် ဈေးကွက်ပိတ်ခဲ့ရာ ယင်းသည် ကန်ဒေါ်လာနှင့်ယှဥ်ပါက စံချိန်တင် တန်ဖိုးကျဆင်းမှုဖြစ်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယင်း၏ အကြံပေးဖြစ်သူ၏ ထုတ်ပြန်ချက်ကို ငြင်းဆိုပြီး "မှားယွင်းသည့် ဒေတာများ" ထုတ်ပြန်ချိန်တွင် "စီးပွားရေးသည် ယင်းကဲ့သို့ ပြိုလဲကြောင်း" PML-N ပါတီဥက္ကဋ္ဌက ပြောခဲ့သည်ဟု ၎င်း၏ပါတီက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြသည်။

ကုန်သွယ်မှုလိုငွေ စံချိန်တင် မြင့်မားမှုက "နိုင်ငံတွင် စီးပွားရေး ထိခိုက်ပြိုလဲမှု ဆိုင်ရာ အန္တရာယ်ရှိသည့် လက္ခဏာတစ်ခု" ဖြစ်နေသလို စံချိန်တင်မြင့်မားသည့် ကုန်သွယ်လိုငွေပြမှုက "စီးပွားရေးဆိုင်ရာ တလွဲတချော်လုပ်ဆောင်မှု၏ အထောက်အထား" ဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။

အများပြည်သူ ကြွေးမြီ၊ ငွေကြေးဖောင်းပွမှု၊ ကုန်သွယ်မှု လိုငွေပြမှု၊ ရူပီး-ဒေါ်လာ တန်ဖိုးနှိုင်းယှဥ်မှုတို့ အားလုံးသည် ယခင် အပျက်သဘောဆောင်သည့် စံချိန်များကို ကျော်လွန်ထားခဲ့ပြီဖြစ်ကြောင်း ရှဘတ်ဇ်က ပြောသည်။

"တကယ်လို့ ပြည်သူ ရွေးချယ်တဲ့ အစိုးရတစ်ရပ်သာ အာဏာရခဲ့မယ် ဆိုရင် ဒါမျိုး ဖြစ်မှာ မဟုတ်ဘူး" ဟု ၎င်းက ပြောခဲ့သည်။

နိုင်ငံသည် "စီးပွားရေး ချောက်နက်" တစ်ခုသို့ တွန်းပို့ခံထားရပြီး " အကယ်၍ ရှေ့ကာလအတွင်း ဘာကိုမှ မလုပ်ဘဲ နေပါက ပြန်လည်နာလန်ထူမှုက အခြားသော မဖြစ်နိုင်သောကိစ္စတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်" ဟု ၎င်းက ပြောခဲ့သည်။

"ကမ္ဘာပျက်သလိုမျိုးဖြစ်နေသည့်" ငွေကြေးဖောင်းပွမှုက ဒီဇင်ဘာ ၁ ရက်မှစပြီး နိုင်ငံကို ချုပ်ကိုင်လိမ့်မည်ဖြစ်သလို ဒေါ်လာတန်ဖိုးမြင့်တက်မှုကလည်း "ငွေကြေးဖောင်းပွမှု မီးတောက်ကို လောင်စာထပ်ထည့်ပေးသလို" ဖြစ်နေခဲ့သည်ဟု PML-N ဥက္ကဋ္ဌက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly