မကွေးလေတပ်စခန်းတွင် မိနစ် ၃၀ ခန့်ကြာ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ဟုဆို

မကွေးလေတပ်စခန်းတွင် မိနစ် ၃၀ ခန့်ကြာ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ဟုဆို

ဒီဇင်ဘာ ၆

မကွေးတိုင်း၊ မကွေးမြို့ရှိ မကွေးလေတပ်စခန်းအတွင်း ယနေ့ ဒီဇင်ဘာလ ၆ရက် နံနက် ၈ နာရီဝန်းကျင်က မိနစ် ၃၀ခန့်ကြာသည်အထိ သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု လေတပ်စခန်းအနီးနေထိုင်သည့် ဒေသခံက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း လေတပ်စခန်းအတွင်း မည်သည့်အတွက်ကြောင့် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ကို မသိရကြောင်း ထိုဒေသခံက ပြောသည်။

“သေနတ်သံတော့ ကြားရတယ်ဗျ။ များတော့များတယ်။ သူ့တို့ဟာသူတို့ ဖောက်နေတာလားမသိဘူး။ အရင်တုန်းကလည်း သူတို့အစမ်းလေ့ကျင့်တာလိုလို ဘာလိုလိုနဲ့ တပ်ထဲမှာ ပစ်တာခတ်တာရှိတယ်” ဟု ယင်းလေတပ်စခန်းအနီးရှိ မကွေးမြို့ခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်း သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သော မကွေးလေတပ်စခန်းနှင့် ကပ်လျက်တည်ရှိသည့် မကွေးထောက်ပို့တပ်စခန်းမှလည်း ပြီးခဲ့သည်လထဲတွင် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သေးသည်။

“အရင်တစ်ခါတုန်းကတော့ မကွေးစုဆောင်းရေးတပ်ကပေါ့။ တပ်တွင်းထဲမှာပဲ ပစ်ပြီးတော့ စမ်းကြတယ်။ အဲလိုမျိုးတော့ရှိတယ်” ဟု မကွေးမြို့ခံက ပြောသည်။

လက်ရှိ မကွေးမြို့ပေါ်တွင် လမ်းသွားလမ်းလာ ပုံမှန်ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မကွေးလေတပ်စခန်းက စစ်သည် ၃၆ ဦးသည် လက်နက်များ ယူဆောင်၍ CDM ပြုလုပ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်လာခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော်၏ အဖွဲ့ဝင်တစ်ဦး ပြောကြားချက်ကို ကိုးကားပြီး သတင်းနှင့် မီဒီယာကွန်ရက်က ဩဂုတ်လတွင် ရေးသားထားသည်။

မကွေးလေတပ်စခန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက် နံနက်ပိုင်းကလည်း ရှော့တိုက်ဒုံးနှင့် တစ်ကြိမ် ပစ်ခတ်ခံရပြီးနောက် ဩဂုတ်လ ၈ ရက်နေ့ကလည်း လေတပ်စခန်းထဲတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် တိုက်လေယာဉ် ခြောက်စီးပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly