တင်ဒါအောင် ကန်ထရိုက်များကို ငွေထုတ်ပေးသည့် ပုံစံပြောင်းလိုက်သည်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသာ အကျိုးရှိနိုင်ဟုဆို

တင်ဒါအောင် ကန်ထရိုက်များကို ငွေထုတ်ပေးသည့် ပုံစံပြောင်းလိုက်သည်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသာ အကျိုးရှိနိုင်ဟုဆို

ဒီဇင်ဘာ ၄

စစ်ကောင်စီက တင်ဒါခေါ်ယူထားသည့် အစိုးရဆောက်လုပ်ရေးလုပ်ငန်းများတွင် တင်ဒါအောင်မြင်သည့်လုပ်ငန်းရှင်များကို ငွေထုတ်ပေးရာတွင် ယခင် လေးကြိမ်ခွဲထုတ်ပေးရာမှ ယခုကိုးကြိမ်အထိ ခွဲထုတ်ပေးသည့် စနစ်ကိုပြောင်းလဲခဲ့သည်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် ၎င်းတို့၏အပေါင်းပါများကိုသာ အကျိုးများစေမည့် ပြောင်းလဲမှုသာဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဝေဖန်ပြောဆိုနေကြသည်။

တင်ဒါလုပ်ငန်းများကို လုပ်ငန်းပြီးဆုံးမှု ရာခိုင်နှုန်းအလိုက် ၂၅ရာခိုင်နှုန်း၊ ၅၀ရာခိုင်နှုန်း၊ ၇၅ရာခိုင်နှုန်းနှင့် လုပ်ငန်းပြီးဆုံးအပ်နှံ ၁၀၀ရာခိုင်နှုန်း ငွေထုတ်ပေးရေး လုပ်ငန်းစဉ်အား ၂၀၁၆ခုနှစ်က စတင်သတ်မှတ်ခဲ့ပြီး လက်ရှိစစ်ကောင်စီက ၁၀ရာခိုင်နှုန်းနှင့် ခုနစ်ကြိမ်၊ ၁၅ရာခိုင်နှုန်းနှင့် နှစ်ကြိမ်အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

“သုံးချက်ရှိတယ်။ တစ်ချက်ကတော့ သူတို့ဘဏ်တွေမှာ ငွေမရှိတာဘဲ။ ဒီ့အတွက် လုပ်ငန်းလေး နည်းနည်းလုပ်လိုက် ငွေလေးနည်းနည်းထုတ်လိုက်ဖြစ်စေချင်တာ၊ နှစ်အချက်ကတော့ သူတို့အာဏာသိမ်းပြီးထဲက သူတို့အလုပ်တွေကို ပြည်သူနဲ့ရပ်တည်တဲ့ လုပ်ငန်းရှင်တွေက လက်ရှောင်သွားတယ်။ သူတို့လူတွေချည်းပဲယူထားတယ်။ သူတို့လူချည်းပဲ ယူတာမှာ တစ်ယောက်ထဲ လုပ်ငန်းအများကြီးယူတော့ ငွေမနိုင်ဘူး။ အရင်လို ဆောက်လုပ်ရေးဘဏ်မှာလည်း ငွေချေးဖို့မလွယ်တော့ အကုန်ငွေကြပ်ကုန်တယ်။ အဲ့အတွက် သူတို့လူတွေ အဆင်ပြေစေဖို့ နည်းနည်းစီခွဲပေးတဲ့သဘော၊ သုံးအချက်ကတော့ ငွေထုတ်တာမှာ အဆင့်ဆင့် ခဏခဏစားဖို့ပဲ ။ ငွေတစ်ခါထုတ်ရဖို့အရေး အရင်လို စစ်ဆေးရေးအဖွဲ့ကို တင်ပြစရာမလိုဘူး။အခုက သူတို့ကို ပိုက်ဆံပေးတာနဲ့ရတယ် ။ဘဏ်မှာငွေထုတ်ဖို့ဆိုလည်း ဒီအတိုင်းမရဘူး ရာခိုင်နှုန်းကလာတယ် ။ အဲ့အတွက် သူတို့ပဲ အကျိုးရှိတယ်”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက တည်ဆောက်ရေးလုပ်ငန်းများစွာကို စတင်နိုင်ရန်အတွက် တင်ဒါများခေါ်ယူနေသော်လည်း ဘဏ်ငွေလည်ပတ်နိုင်မှု အခက်အခဲနှင့် စစ်ကောင်စီကို မယုံကြည်မှုကြောင့် တင်ဒါဆွဲလိုသူ နည်းပါးနေပြီး လုပ်ငန်းရှင်များအနေနှင့် ငွေကြေးဆုံးရှုံးမည့်အဖြစ်ကို မျှော်လင့်ချက်အဖြစ် ပြောင်းလဲလိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

“၂၅နဲ့ အခု၁၀နဲ့ ဘာကွာလဲဆိုတာကို သူတို့ချမပြထားဘူး။ ပုံမှန်အရ အရင်မြေတူးမယ် ။အောက်ခြေတက်မယ်ဆိုရင် ၂၅ရာခိုင်နှုန်းက ထုတ်ခွင့်ရနေပြီ။ အခုက နားလှည်ပါးရိုက်လုပ်တာပါ ။ သူတို့ဘက်များ စိတ်လည်မလားလို့၊ အဲ့ဒါအပြင် တင်ဒါအောင်ထဲက ကုမ္ပဏီကချေးငွေတွေယူလို့ရတယ်။ အဲ့ဒါက အခုမရတော့ဘူး။အလကားသတ်မှတ်ချက်ပါ ။သူတို့မှာ ငွေမရှိတာရယ် တင်ဒါသမားစိတ်လည်မလားလို့ ထုတ်တဲ့ကြေညာချက်ပါ။ တိကျတဲ့ရာခိုင်နှုန်းနဲ့ လုပ်ငန်းစဉ်က အတူတူပဲ။ အခုအရင်စာချုပ်တွေ ပြင်ချုပ်လိုက်တာနဲ့ ဒီကောင်တွေ ဘာကစားချင်လဲဆိုတာ သိရမယ်”ဟု ပညာရေးနဲ့ ကျန်းမာရေးဌာန တင်ဒါများစွာကို ရယူခဲ့ဖူးသူ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် ယခုကဲ့သို့ ရာခိုင်နှုန်းနှင့် အကြိမ်ရေ ပြောင်းလဲ ငွေထုတ်ပေးခြင်းကို COVID-19 ရောဂါနှင့် ဘဏ်များငွေထုတ်နိုင်မှု ကန့်သတ်ချက်ဖြေလျော့ပေးနိုင်မည့် အချိန်ထိ သက်ရောက်ရမည်ဟု စစ်ကောင်စီက နို၀င်ဘာလ ၂၆ရက် ရက်စွဲဖြင့် သက်ဆိုင်ရာဌာနများထံ ပေးပို့ထားသည့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly