စစ်တပ်ယန္တရား ရပ်တန့်ရန် မတူပီမြို့သို့ စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားဟု CDF ပြော

စစ်တပ်ယန္တရား ရပ်တန့်ရန် မတူပီမြို့သို့ စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားဟု CDF ပြော

ဒီဇင်ဘာ ၄

ချင်းပြည်နယ်၊ မတူပီမြို့သို့ စက်သုံးဆီ သယ်ယူခွင့် တားမြစ် ပိတ်ပင်ထားကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ) CDF-Matupi တပ်ရင်း (၂) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“စစ်တပ်ရဲ့ ယန္တရားကို ရပ်တန့်ချင်တာ။ သူတို့က ကားတွေနဲ့ ကင်းလှည့်တာမျိုး၊ နောက်တိုက်ပွဲတွေ ဖြစ်ရင် အလွယ်တကူ ကျွန်တော်တို့ဘက်ကို စစ်ကူ မပေးနိုင်အောင်ပေါ့” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

စစ်အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်အောင် ပြုလုပ်ရာတွင် စားသောက်ကုန် ရိက္ခာများကို ပိတ်ဆို့ ဖြတ်တောက်ခြင်းသာမက လောင်စာဆီ ဖြတ်ခြင်းသည်လည်း အရေးပါကြောင်း ၎င်းက ပြောသည်။

“ဓာတ်ဆီတွေ၊ ဒီဇင်ဆီတွေကို လမ်းမှာပိတ်ထားလိုက်တယ် ဆိုပေမဲ့ ကျွန်တော်တို့က အပိုင်ယူတာ မဟုတ်ဘဲနဲ့ ကားသမားတွေ ဒီလမ်းက ပြန်လာလို့ရှိရင် ပြန်ပေးတယ်။ မလာနိုင်ဘူးဆိုလည်း သူတို့ဂိတ်က နောက်ထပ် ကားတစ်စီးနဲ့ ပြန်လာယူလို့ ရတယ်” ဟု ၎င်းတို့ CDF-Matupi တာဝန်ရှိသူက ပြောသည်။

ထိုသို့ လောင်စာဆီ သယ်ယူခွင့် ပိတ်ပင်ထားခြင်းသည် ကာလအားဖြင့် အချိန် နှစ်ပတ်ကျော် ရှိပြီ ဖြစ်သည်။

အချို့သော ကားသမားများသည် သယ်ဆောင်လာသော လောင်စာဆီများကို ဟားခါး- မတူပီ ကားလမ်းမ အနီးရှိ ကျေးရွာများ၌ ကုန်သလောက် ရောင်းချသွားပြီး ကျန်ဆီများကို ပြန်လည် သယ်ဆောင် သွားကြသည်ဟု ဒေသကာကွယ်ရေးတပ်ထံက သိရသည်။

စစ်ကောင်စီတပ်သည် လောင်စာဆီများကို မတူပီမြို့ပေါ်ရှိ ဆီကုန်သည်များ၏ အမည်ကို အသုံးပြု၍ သယ်ဆောင်လေ့ ရှိသည်ဟု မတူပီမြို့ပေါ်ရှိ အမည်မဖော်လိုသူ ဆီကုန်သည် တစ်ဦးက မဇ္ဈိမကို ပြောသည်။

“မတူပီက ကုန်သည်ရဲ့ ပစ္စည်းလို ပုံစံနဲ့ စစ်တပ်က ခိုးပြီးတော့ ထည့်တာတွေ ရှိတယ်။ ဆီကားတွေ ဝင်ရင် မျှပေးပါ ဆိုလို့ စစ်တပ်ကို ဆီနှစ်ပေပါစီ မျှပေးရတာတွေ ရှိတယ်။ စစ်တပ်မှာ သူတို့ လှောင်ထားတာလည်း ရှိမယ်ထင်တယ်။ သူတို့ကတော့ စစ်တပ် အခက်အခဲ ဖြစ်သွားအောင် လုပ်တာတဲ့ ”ဟု ၎င်းက ပြောသည်။

လက်ရှိမှာ မတူပီမြို့ပေါ်တွင် လောင်စာဆီဈေးနှုန်းသည် ထက်ဝက်နီးပါးခန့် မြင့်တက်နေသည်ဟု ၎င်းက ပြောသည်။

“ပြည်သူလူထု လောင်စာဆီ ပြတ်တာကတော့ အရေး မဟုတ်ဘူး။ လောလောဆယ်တော့ မျှမျှတတ သုံးလို့ ရတယ်” ဟု အမည်မဖော်လိုသူ ဆီဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

မတူပီမြို့ပေါ်၌ စက်သုံးဆီ၊ ဒီဇယ်ဆီများ ဖြတ်တောက်ထားသည့်အတွက် ဒေသခံများအတွက် အခက်အခဲ အချို့ ရှိလာနိုင်သော်လည်း စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ရပ်တန့်ရန် လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် နားလည်ပေးရန်နှင့် အရေးပေါ် လိုအပ်ပါက CDF- Matupi တပ်ရင်း တပ်ဖွဲ့ထံ လာရောက် ထုတ်ယူနိုင်ကြောင်း CDF မတူပီ တပ်ရင်း (၂) တာဝန်ရှိသူက ပြောသည်။

“ ဆီကုန်သည်တချို့ နစ်နာမယ်ဆိုတာ နားလည်ပါတယ်။ ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က စစ်တပ်ကလူတွေ လုံးဝ အလုပ်မလုပ်နိုင်တဲ့ အထိပေါ့။ သူတို့နောက်ဆုံး CDM ဝင်လာမယ်ဆိုလည်း ကျွန်တော်တို့က အရမ်းကြိုဆိုတယ်။ အဲလိုမျိုး ဖြစ်လာတဲ့အထိကို ကျွန်တော်တို့က ဆီကို လုံးဝပိတ်ထားမယ်” ဟု CDF-Matupi တပ်ရင်း (၂) တာဝန်ရှိသူက ပြောသည်။

လက်ရှိ မတူပီမြို့ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ကားယာဉ်တန်း၊ ဆိုင်ကယ်များဖြင့် မြို့အတွင်း ညကင်း လှည့်ခြင်းနှင့် ဧည့်စာရင်း စစ်မှုများ သိသိသာသာ လျော့ကျ သွားသည်ဟု မတူပီ ဒေသခံများက ပြောသည်။

မတူပီမြို့ပေါ်၌ စစ်ကောင်စီ အမှတ် (၁၄၀) အထိုင်တပ်ရင်း တစ်ခု တည်ရှိပြီး မြို့ပေါ် အနီးတစ်ဝိုက်တွင် ဒေသ ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားပါကာ ထိုအထိုင်တပ်ရင်းမှ စစ်ကူများကို စေလွှတ်လေ့ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သော ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံး၌ စစ်သားဦးရေ ၁၀၀ ဝန်းကျင်အင်အားဖြည့် တပ်စွဲထားပြီး ညအချိန်တွင် ထိုနေရာမှ လက်နက်ကြီး ပစ်ခတ်သံများ မကြာခဏ ကြားရလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required