ဆိပ်ကမ်း ၅ ခုမှ တစ်ဆင့် မြောင်မြို့သို့ ဝင်၊ထွက်‌‌နေသည့် သင်္ဘာများကို CDSOM တပ်ဖွဲ့က စစ်ဆေးမည်

ဆိပ်ကမ်း ၅ ခုမှ တစ်ဆင့် မြောင်မြို့သို့ ဝင်၊ထွက်‌‌နေသည့် သင်္ဘာများကို CDSOM တပ်ဖွဲ့က စစ်ဆေးမည်

ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ဆိပ်ကမ်းဂိတ် ငါးခုမှ မြို့သို့ အဝင် အထွက် ပြုလုပ်နေသည့် သ‌‌င်္ဘောများအား စစ်ဆေးသွားမည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)က ဒီဇင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်ရာတွင် စစ်ကောင်စီနှင့် ဆက်နွှယ်ပတ်သက်နေသော ထုတ်ကုန်ပစ္စည်းများအား ပြည်သူပိုင်အဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ပြီး ထိန်းသိမ်းပစ္စည်းများအား ပြည်သူ့ကာကွယ်ရေးနှင့် မြို့သူ၊ မြို့သားများ၏ အသုံးစရိတ်များအဖြစ် ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် ယင်းစစ်ဆေးမှုကို ငြင်းဆန်နေပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ဂိတ်မှူးများမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

" မြစ်ကြောင်းတစ်လျှောက် ဂိတ်ငါးခုပေါ့။ အဲ့ဒီဂိတ် ငါးခုကို ကျွန်တော်တို့ပြောက်ကျားတပ်တွေက ခွဲပြီးထိန်းတဲ့သဘောပါ " ဟု CDSOM အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီအချိန်က စစ်တပ်ပိုင် ရွှေဗျိုင်းဖြူသင်္ဘော အပါအဝင် သင်္ဘောနှစ်စီးနှင့် သင်္ဘောသား ၁၅ ဦးကို ထိန်းသိမ်းထားကြောင်း ၎င်းက ပြောသည်။

"အဲ့ပေါ်မှာ သင်္ဘာသား ၁၅ ယောက်လောက်ပါတယ်။ ဆီတွေ ပါတယ်။ ရွှေဗျိုင်းဖြူ သင်္ဘောက စစ်တပ်ပိုင်ပေါ့။ သူတို့ကလည်း ပြောတယ်။ ဒီသင်္ဘောက မင်းအောင်လှိုင်ပိုင်တာပါဆိုပြီး။ အဲ့ဒါနဲ့ကျွန်တော်တို့က အကုန်လုံးကို ထိန်းသိမ်းထားလိုက်တယ်"ဟု CDSOM အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြို့အဝင်၊ အထွက် ဆိပ်ကမ်းဂိတ်များကို စစ်ကိုင်းဘက်မှလာသော မြို့အဝင်ဂိတ်ကို "နတ်မြင်းဂိတ်"၊ မြို့ အရှေ့ဘက်ပိုင်းရှိ ဂိတ်ကို "မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်" ၊ မြို့တောင်ပိုင်းကျွန်းထဲအရပ်ရှိ ဂိတ်ကို "ဗိုလ်ကျားသစ်ဂိတ်"၊ မြို့အနောက်ခြမ်း ကုန်းမြေရှိ ဂိတ်ကို "ခြ‌‌င်္သေ့မင်းဂိတ်" နှင့် ချင်းတွင်းမြစ်ကြောင်းရှိ ဂိတ်ကို "နှလုံးလှဂိတ်" ဟု အမည်ပေးကာ ဂိတ် အသီးသီးတွင် အစီအစဉ်များ ချမှတ်ထားသည်ဟု သိရသည်။

အဆိုပါ ဆိမ်ကမ်းဂိတ် ငါးခုမှာ ယခင်ရှိထားသည့် နေရာများဖြစ်ပြီး CDSOM တပ်ဖွဲ့က ဆိမ်ကမ်းဂိတ် အမည်အသစ်ဖြင့် ထိန်းချုပ်စစ်ဆေးနေခြင်းဖြစ်သည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းများ လုံးဝ(လုံးဝ) ဆောင်ရွက်မည် မဟုတ်ဘဲ စစ်တပ်ထုတ်ကုန်နှင့် စစ်တပ် အကျိုးစီးပွားဖြစ်မည့် လမ်းကြောင်းမှန်သမျှကိုသာ ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ - မြောင်မြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆိပ်ကမ်းများကို CDSOM အဖွဲ့က စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required