ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီး တိုက်ပွဲပြင်းထန်

ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီး တိုက်ပွဲပြင်းထန်

ဒီဇင်ဘာ ၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ထူးလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီး၌ ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်ဖွဲ့တို့ မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်မှ ၁ နာရီခွဲအထိ မိနစ် ၄၀ ကြာတိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်ခဲ့သည့်အပြင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဖက်ထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း KNDF ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ညနေပိုင်းတွင်မူ အကြမ်းဖက် စစ်ကောင်စီတပ်များ ခြေတော်ရာ ဘုရားတောင်နှင့် သဲတောင်တို့တွင် တပ်စွဲထားပြီး တောင်ခြေရပ်ကွက်များသို့ တပ်ဖြန့်ကာ ပြည်သူ့ပစ္စည်းဥစ္စာများကို လုယူခြင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ထူလွှီးဘီလာကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

အလားတူ ဖယ်ခုံမြို့အခြေစိုက် KNDF B-11 တပ်ရင်းစခန်းနှင့် ခေါင်းအိကျေးရွာအုပ်စု လတူးကျေးရွာရှိ နေအိမ်အချို့ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ခဲ့သေးကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။

KNDF တာဝန်ရှိသူတစ်ဦး၏ အဆိုအရ စစ်ကောင်စီတပ်များသည် ယခုနောက်ပိုင်းတွင် ကရင်နီပြည်နယ် အတွင်းသို့ စစ်ကြောင်း သုံး၊ လေးကြောင်းခွဲ၍ တောလမ်းများမှ စစ်ကြောင်းထိုးနေပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required