ပုလောမြို့နယ်တွင် CDM ပညာရေး ဝန်ထမ်း အပါအဝင် ရွာသူ၊ ရွာသား ၃၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

By ကိုရွှေမြိတ်
03 December 2021
ပုလောမြို့နယ်တွင် CDM ပညာရေး ဝန်ထမ်း အပါအဝင် ရွာသူ၊ ရွာသား ၃၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

ဒီဇင်ဘာ ၃

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၁ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့များက CDM ပညာဝန်ထမ်း တစ်ဦး အပါအဝင် ဒေသခံ ရွာသူ၊ ရွာသား ဦးရေ ၃၀ နီးပါးကို လာရောက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂ ရက် ည ၁၂ နာရီ ဝန်းကျင်တွင် ယင်း ကျေးရွာသို့ ရောက်ရှိလာကာ ဒေသခံများကို ရှာဖွေ၊ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

"ဖမ်းခံရတာကတော့ CDM ပြုလုပ်ထားတဲ့ ပညာရေး ဝန်ထမ်း တစ်ဦး အပါအဝင် NLD ပါတီဝင် ၊ အမာခံ ထောက်ခံသူတွေပါတယ်လို့ သိရတယ်"ဟု ပုလောဒေသ ကာကွယ်ရေး တပ်ဖွဲ့ (Palaw Regional Defense Force - PRDF )မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒေသခံများအား ပုလောမြို့ အမှတ် (၂၈၅)တပ်ရင်းက လာရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး လက်ရှိ အချိန် အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးဟု ဒေသခံများထံမှ သိရသည်။

ထိုကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက ပျူစောထီးများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly