ကလေးမြို့နယ်ရှိ ရွာများကို မီးရှို့နေသည့် စစ်ကြောင်း မိုင်းဆွဲခံရ ၊ စစ်သား ၃ ဦးသေ

ကလေးမြို့နယ်ရှိ ရွာများကို မီးရှို့နေသည့် စစ်ကြောင်း မိုင်းဆွဲခံရ ၊ စစ်သား ၃ ဦးသေ

ဒီဇင်ဘာ ၃

ကလေးမြို့နယ်ရှိ လယ်ခြားရွာ၊ ရှားတောရွာနှင့် အနီးကျေးရွာများကို မီးရှို့ သွားသော စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦး သေဆုံးကြောင်း Ranger Kalay Defend Force (ကလေးပြည်သူ့ ကာကွယ်ရေးတပ်) က ယနေ့ ထုတ်ပြန်သည်။

မြစ်သာမြစ် အရှေ့ဘက်ကမ်း တစ်နေရာ၌ ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ် ခန့်တွင် မိုင်းသုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူ အရေအတွက်ကိုမူ အတိအကျ မသိရသေးဟု ဆိုသည်။

အင်အား ၁၂၀ ကျော်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သားများသည် ဒလန်လမ်းပြနှင့်အတူ စစ်ကြောင်း သုံးကြောင်းခွဲကာ Ranger Kalay Defend Force (RKDF)ဆီသို့ ပိတ်ဆို့ စခန်းသိမ်းရန် ချီတက်လာစဉ် သတင်း ကြိုတင်ရသည့်အတွက် ယခုကဲ့သို့ ဖောက်ခွဲ တိုက်ခိုက်လိုက်ခြင်း ဖြစ်ကြောင်း RKDF ခေါင်းဆောင်တစ်ဦးက ပြောသည်။

‘’ သူတို့က ကျွန်တော်တို့ စခန်းချတဲ့ နေရာကို သိမ်းဖို့လာတာ။ ဒါကို ကျွန်တော်တို့ဘက်က သတင်းကြိုရလို့ မိုင်းဆွဲပြီး ပြန်ဆုတ်လာခဲ့တာပါ။ သူတို့ ဘက်ကတော့ အချက် ၅၀ လောက် ရမ်းပြီး ပစ်နေကြတယ်။ ကျွန်တော်တို့ ရဲဘော်ကင်းထောက်တွေရဲ့ သတင်းပို့ချက်အရ သေတဲ့ စစ်သားအလောင်းတွေ ထမ်းပြီး ပြန်ဆုတ်သွားတယ်လို့ သိရပါတယ် “ ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များသည် ဒေသတွင်းရှိ ပျူစောထီး အဖွဲ့များနှင့် ပူးပေါင်းပြီး ကလေးမြို့တောင်ပိုင်း မြစ်သာမြစ်ဘေးရှိ လယ်ခြား ၊ ရေရှင်နှင့် အနီးဝန်းကျင်မှ ကျေးရွာများအား ယခုရက်များအတွင်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး နေအိမ် ၄၀ ခန့် မီးလောင် ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required