ပါကစ္စတန် ဂွာဒါခရိုင်တွင် တရုတ်၏ CPEC စီမံကိန်းများအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ အရှိန်မြင့်နေ

By Daily Hunt
02 December 2021
ပါကစ္စတန် ဂွာဒါခရိုင်တွင် တရုတ်၏ CPEC စီမံကိန်းများအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ အရှိန်မြင့်နေ

ပါကစ္စတန်နိုင်ငံ ဂွာဒါခရိုင်တွင် တရုတ်၏ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိ ရပ်ဝန်းနှင့် လမ်းမ စီမံကိန်းအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ အရှိန်မြင့်နေခဲ့ပြီး တချိန်တည်းမှာပင် တရားမဝင်ငါးဖမ်းမှုက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ခြိမ်းခြောက်နေမှုများနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများက စိုးရိမ်ပူပန်ကြလျက်ရှိကြောင်း ပြည်တွင်းမီဒီယာ သတင်းဖော်ပြချက်များအရ သိရသည်။

ဘာလိုချီစတန်ပြည်နယ်တွင် မလိုအပ်ဘဲ စစ်ဆေးရေးဂိတ်များ ရှိနေမှု၊ ငါးဖမ်း ဆွဲပိုက်ချသင်္ဘောများ ရှိနေမှု အပါအဝင် အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်သူအများအပြားသည် ထိုင်သပိတ် ဆန္ဒပြပွဲတစ်ခုကို လုပ်ဆောင်ထားခဲ့ကြသည်။

ဒေသတွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတချို့ကို Jamaat-e-Islami (JI) Balochistan ၏ ပြည်နယ် အထွေထွေအတွင်းရေးမှူး မော်လာနာ ဟီဒါယက်-အာ-ရာမန်က ဦးစီးလုပ်ဆောင်လျက် ရှိသည်။

၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၄၆ ဘီလီယံတန်ကြေးရှိ စီမံကိန်း ကြေညာပြီးနောက်ပိုင်း CPEC သည် အငြင်းပွားဖွယ်ရာများဖြင့် စွန်းထင်းနေခဲ့သည်။ ဘာလိုချီစတန်တွင် တရုတ်တို့၏ တိုးမြင့် ဝင်ရောက်ပတ်သက်နေမှုအပေါ် ဒေသခံများက ဆန့်ကျင်နေကြသည်။ အခြားပြည်နယ်များမှ ပြည်သူများသည် ကြီးမားသည့် ပရောဂျက်၏ အသီးအပွင့်များကို ခံစားနေရချိန် CPEC ပရောဂျက်က ဘာလိုချီစတန်ရှိ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းထားစေခဲ့ခြင်း မရှိသည့်အတွက် ၎င်းတို့က ဆန္ဒထုတ်ဖော်နေကြခြင်း ဖြစ်သည်။

ရုတ်တို့သည် ဒေသမှ ကြွယ်ဝမှုအားလုံးကို ညှစ်ထုတ်ယူနေသည့် ဝင်ရောက်စွက်ဖက်သူများအဖြစ် ရှုမြင်ခံနေရချိန် ယင်းက ကျယ်ပြန့်သည့် ဆန္ဒပြမှုများကို ဦးတည်ထားစေခဲ့သည်။ ယင်းသည် သီတင်းပတ်အနည်းငယ်အတွင်း အဆိုပါ ဆိပ်ကမ်းမြို့တွင် ယင်းကဲ့သို့ လူထုဆန္ဒပြမှုပေါ်ပေါက်သည်မှာ ဒုတိယမြောက်ဖြစ်ကြောင်း Dawn က ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ဂွာဒါနှင့် တာဘတ်မြို့တို့မှ ဒေသခံ ထောင်နှင့်ချီတို့ စုဝေးခဲ့ပြီး မာကရန်ဒေသတွင် သောက်သုံးရေ၊ ကျန်းမာရေးနှင့် ပညာရေး အထောက်အပံ့ဝန်ဆောင်မှုများ မရရှိမှု၊ အလုပ်လက်မဲ့မှုနှုန်း မြင့်မားမှုတို့အပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း Dawn က ဖော်ပြသည်။

ဆန္ဒပြသူများသည် ဒေသတွင် မလိုအပ်သည့် လုံခြုံရေး စစ်ဆေးရေးဂိတ်များ ဖယ်ရှားရေး၊ ဧရိယာအတွင်း ပင်လယ်ရေနက်ပိုင်း ဆွဲပိုက်ချသင်္ဘောများ ငါးဖမ်းခြင်းကို တားဆီးရေး တို့ကို တောင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းက ဒေသခံ ငါးဖမ်းသမားများအတွက် ကြီးမားသည့် ဆုံးရှုံးနစ်နာမှုများကို ဖြစ်စေ၍ ဖြစ်ကြောင်း သိရသည်။

ဒေသခံ အများအပြား၏ ပြောဆိုချက်များအရ ၎င်းတို့သည် ၎င်းတို့ပိုင်မြေတွင် လူစိမ်းများဖြစ်နေသကဲ့သို့ပင် ခံစားမိကြောင်း၊ သာမန်လူအများကြားထဲ ငါးဖမ်းသမား အများအပြား၏ ဆင်းရဲဒုက္ခများ ထပ်မံတိုးလာနေခဲ့ကြောင်း ပြောဆိုခဲ့ပြီး အစိုးရသည် ပင်လယ်ကမ်းရိုးတန်း၏ မလှမ်းမကမ်း ရေပြင်တွင် တရုတ် ဆွဲပိုက်ချသင်္ဘောများကို ငါးဖမ်းခွင့် လိုင်စင်များ ထုတ်ပေးထားကြောင်း ၎င်းတို့က စောဒကတက်ထားခဲ့သည်။

ဂွာဒါအပြင် ပါကစ္စတန် ပန်ဂျပ်ပြည်နယ် ဂျန်းဒ် မြို့တွင် နေထိုင်သူအများအပြားကလည်း တည်ဆောက်ဆဲ CPEC လမ်းတစ်ခုတွင် စုဝေးခဲ့ကြပြီး အကြီးစား ပရောဂျက်ကြောင့် တစ်ခုနှင့်တစ်ခု အဆက်ပြတ်နေခဲ့သော ၎င်းတို့ ဧရိယာများသို့ လမ်းမကြီးနှင့်အပြိုင်ပြေးသောလမ်းငယ်တစ်ခု မတည်ဆောက်ပေးမှုအတွက် အမျိုးသား အမြန်လမ်း အာဏာပိုင်အဖွဲ့ (NHA) နှင့် အခြားအာဏာပိုင်တို့ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း Dawn က ဖော်ပြသည်။

CPEC ပရောဂျက်သည် အာရေးဘီးယန်းပင်လယ်ရှိ ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ် ဂွာဒါဆိပ်ကမ်းနှင့် တရုတ်အနောက်ပိုင်း ရှင်ကျန်းဒေသကို ချိတ်ဆက်မည်ဖြစ်သည်။ ယင်းတွင် တရုတ်နှင့် အရှေ့အလယ်ပိုင်းအကြား ဆက်သွယ်မှုကို တိုးတက်စေရန် လမ်း၊ မီးရထားလမ်း၊ ရေနံပိုက်လိုင်း ချိတ်ဆက်မှုများ ဖော်ဆောင်မည့် အစီအစဥ်များ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly