အိန္ဒိယ၊ တရုတ်နှင့် ရုရှားတို့က ဗဟုဆက်ဆံရေးပုံစံ အစစ်အမှန်ကို ပြသနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

By LatestLY
02 December 2021
အိန္ဒိယ၊ တရုတ်နှင့် ရုရှားတို့က ဗဟုဆက်ဆံရေးပုံစံ အစစ်အမှန်ကို ပြသနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

အိန္ဒိယ၊ တရုတ်နှင့် ရုရှားတို့ပါဝင်သည့် RIC အဖွဲ့သည် ကမ္ဘာ့လုံးဆိုင်ရာ ဆက်ဆံရေးတွင် စစ်မှန်သော နိုင်ငံစုံ ဆက်ဆံရေးပုံစံကို ပြသနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက နိုဝင်ဘာ ၂၆ရက်တွင် ပြောကြားလိုက်သည်။

ဝမ်ယိက"RIC ယန္တရား၏ စိတ်ဓာတ်ဖြစ်သော ပွင့်လင်းမှု၊ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ဖြင့် တရုတ်က ရုရှား၊ အိန္ဒိယတို့နှင့်အတူ လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရုရှားသတင်းဌာန Sputnik က ဖော်ပြခဲ့သည်။

RIC သည် စစ်မှန်သောနိုင်ငံစုံစနစ် နှင့် နိုင်ငံတကာဆက်ဆံရေးတွင် ဒီမိုကရေစီမြှင့်တင်ရေးကို ကမ္ဘာကြီးသို့ပြသနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

အိန္ဒိယ၊ တရုတ်နှင့် ရုရှားတို့သည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် တတ်စွမ်းသမျှ ပံ့ပိုးကူညီလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်ဟု Sputnik တွင် ဖော်ပြခဲ့သည်။

RIC သည် ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော်လည်း ၂၀ဝ၃ခုနှစ်နှင့် ၂၀ဝ၅ခုနှစ်တွင် နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးများ၏ သီးသန့်အစည်းအဝေးများတွင် အဖွဲ့ ၃ နိုင်ငံ အပြန်အလှန်ဆက်သွယ်ပြီးနောက် လုပ်ငန်းဆောင်တာများ စတင်ခဲ့သည်ဟု ရုရှားသတင်းဌာနက ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၂၆ရက်တွင် ပြုလုပ်သည့် အိန္ဒိယ၊ တရုတ်နှင့် ရုရှား(RIC) တို့၏ ၁၈ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး (EAM) အက်စ် ဂျိုင်းရှန်ကာ ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့တို့သည် နိုဝင်ဘာ ၂၆ရက်တွင် အွန်လိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အာဖဂန်နစ္စတန်၊ ကိုဗစ်-၁၉နှင့် ရာသီဥတုပြောင်းလဲမှုအပါအဝင် ကျယ်ပြန့်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲများအပြီးတွင် ဝန်ကြီးများက အချက် ၃၅ ချက်ကို ပူးတွဲထုတ်ပြန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly