ဒူတာတေး ထောက်ခံရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကနေ နုတ်ထွက်

ဒူတာတေး ထောက်ခံရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကနေ နုတ်ထွက်
Photo - EPA

နိုဝင်ဘာ ၃၀

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်းရဲ့ နေရာ ဆက်ခံမယ့်သူအဖြစ် ထောက်ခံရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ အထက်လွှတ်တော်အမတ် ခရစ္စတိုဖာ ဂိုဟာ ယခုအခါ လာမယ့်၂၀၂၂ သမ္မတရာထူးနေရာ ယှဉ်ပြိုင်မှုမှာ ပါဝင်တော့မှာ မဟုတ်ဘဲ နုတ်ထွက်ကြောင်း နိုဝင်ဘာ ၃၀ မှာ ကြေညာခဲ့ပါတယ်။

ဒူတာတေးရဲ့ အနီးကပ် လက်ထောက်တစ်ဦးဖြစ်တဲ့ ဆိနိတ်တာ ခရစ္စတိုဖာ ဂိုဟာ အစောပိုင်းက ဒုသမ္မတရာထူးနေရာအတွက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းခဲ့ပြီးနောက် နိုဝင်ဘာ ၁၅ ရက် ကိုယ်စားလှယ်လောင်း စာရင်းသွင်းမှု နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ နှစ်ရက်အလိုမှာ နိုင်ငံရဲ့ အမြင့်ဆုံးရာထူးအတွက် ယှဉ်ပြိုင်မှုမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
ယခုလို ၎င်း ရုတ်တရက် နုတ်ထွက်မှုကြောင့် လက်ရှိမှာ ဒူတာတေးနေရာ အစားဝင်ဆက်ခံဖို့ ကြိုးပမ်းနေတဲ့ ကိုယ်စားလှယ်လောင်းတွေထဲကနေ တစ်ဦးလျော့နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဒူတာတေးကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒုတိယမြောက် ခြောက်နှစ်သက်တမ်းတစ်ခုကို ထမ်းဆောင်တာကနေ ပိတ်ပင်ခံထားရတာနဲ့အတူ ဆိနိတ်ရွေးကောက်ပွဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

"ကျွန်တော့် မိသားစုကတော့ မပြိုင်စေချင်ပါဘူး၊ ပြီးတော့ ဒီတကြိမ်က ကျွန်တော် ပြိုင်ရမယ့် အချိန်မဟုတ်ဘူးလို့ တွေးမိပါတယ်" လို့ ဂိုက သတင်းထောက်တွေကို ပြောပါတယ်။

ခုလို သမ္မတနေရာအတွက် ယှဉ်ပြိုင်မှုကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာကတော့ ဒူတာတေးအတွက် ပြဿနာတွေ ထပ်မဖြစ်အောင် ရှောင်ဖို့ ဖြစ်တယ်လို့ ဂိုက ပြောပါတယ်။ ဒူတာတေးဟာ ၎င်းအတွက်ကတော့ ဖခင်တစ်ဦးလိုမျိုး ချစ်ခင်ရသူဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

"ကျွန်တော် သူ့ကို သစ္စာဆက်စောင့်သိသွားမှာပါ၊ သူနဲ့ ထာဝရ အတူတူ ရပ်တည်မယ်လို့ ကတိပေးပါတယ်" လို့လည်း ဂိုက ပြောပါတယ်။

ဂိုကတော့ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲနဲ့ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ဖိလစ်ပိုင် ပြည်တွင်းမှာ ပြစ်မှုဆိုင်ရာ စွဲချက်တွေကနေ ဒူတာတေးကို ကာကွယ်ပေးနိုင်မယ့် ဖြစ်နိုင်ခြေ အများဆုံး ကိုယ်စားလှယ် ဖြစ်ခဲ့ပေမယ့် မေလ ရွေးကောက်ပွဲမှာ အောင်မြင်နိုင်ခြေ နည်းပါးတယ်လို့ အကဲခတ် အများစုက သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်သူ မားကို့စ် ဂျူနီယာက သမ္မတရာထူးအတွက် ရေပန်းစားမှုပိုင်းမှာ ဦးဆောင်နေတယ်လို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။

သမ္မတရာထူးအတွက် ရေပန်းစားမှုပိုင်းမှာ မာကို့စ် ဂျူနီယာ ရဲ့နောက်မှာ လက်ရှိ ဒုသမ္မတ လီနီ ရိုဘရီဂို ၊ အကျော်အမော် မြို့တော်ဝန် ဖရန်စစ္စကို ဒိုမာဂိုဆိုနဲ့ အထင်ကရလက်ဝှေ့ကျော် မန်နီ ပက်ကွီအို တို့ ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required