ထားဝယ်တွင် လူထုလှုပ်ရှားမှု သပိတ် ဦးဆောင်သူ လူငယ် ၃ ဦး တစ်ပြိုင်တည်း ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
30 November 2021
ထားဝယ်တွင် လူထုလှုပ်ရှားမှု သပိတ် ဦးဆောင်သူ လူငယ် ၃ ဦး တစ်ပြိုင်တည်း ဖမ်းဆီးခံရ

ထားဝယ်၊ နိုဝင်ဘာလ ၃၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းက အကြမ်းမဖက် လူထုလှုပ်ရှားမှု သပိတ် ဦးဆောင်သူတစ်ဦး ဖြစ်သည့် ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ တတိယနှစ် ကျောင်းသား ကိုထူးမြတ်လွင် အပါအဝင် လူငယ်သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တစ်အိမ်တွင် တစ်ပြိုင်တည်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ယနေ့ နိုဝင်ဘာလ ၃၀ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဖမ်းဆီးခံရသည့် ကိုထူးမြတ်လွင်၊ ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်း တို့သုံးဦးအပြင် မလဝန်းပြည့်ပြည့်ထွန်း၏ဖခင်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထားဝယ် တက္ကသိုလ်ကျောင်းသားများ အသိုင်းအဝိုင်းမှ သိရသည်။

ကိုထူးမြတ်လွင်သည် ထားဝယ်မြို့ပေါ်တွင် အကြမ်းမဖက် လူထုလှုပ်ရှားမှုသပိတ်တွင် အစဉ်တစိုက် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းအပါအဝင် လေးဦးကို မည်သည့် နေရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မသိရှိရ သေးပေ။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ယခု ရက်ပိုင်းအတွင်း ထားဝယ်ခရိုင်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွင် ပါဝင်နေသည့် လူငယ်များကို ဆက်တိုက် ဖမ်းဆီးလျက် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required