တမူးမြို့တွင် စစ်ကောင်စီ ရဲကင်း ဝင်စီးခံရ၊ ၂ ဦးသေဆုံး၍ လက်နက်များပါ ရရှိဟု ဒေသအဖွဲ့ထုတ်ပြန်

တမူးမြို့တွင် စစ်ကောင်စီ ရဲကင်း ဝင်စီးခံရ၊ ၂ ဦးသေဆုံး၍ လက်နက်များပါ ရရှိဟု ဒေသအဖွဲ့ထုတ်ပြန်

နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ တမူးမြို့ ချောင်းနက်ကြီး ရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွားပြီး သေနတ် နှစ်လက်နှင့် ကျည်ဆန်အချို့ သိမ်းပိုက် ရရှိကြောင်း တမူးကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) လက်အောက်ခံ တပ်ခွဲ (၃) ကျောင်းသားတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“သူတို့တပ်ဖွဲ့တွေ အားလုံး မရောက်ခင်မှာ အရင်ရောက်တဲ့ နှစ်ယောက်ကို ကျွန်တော်တို့က အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့တာ။ သူတို့စခန်းကို စီးမိပြီး လက်နက်တွေကို သိမ်းခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် စတင်ပြီး ၅ မိနစ်ကျော် ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင် ကျောင်းသားတပ်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းတို့က ယနေ့ ထုတ်ပြန်ထားသည်။

ချောင်းနက်ကြီး ရဲစခန်းတွင် စစ်ကောင်စီတပ် အင်အား ၁၀ ဦး ဝန်းကျင်သည် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီ အထိ လာရောက် စခန်းချလေ့ရှိပြီး ခရီးသွားများနှင့် ကုန်သည်များကို စစ်ဆေးမေးမြန်း ငွေညှစ် တောင်းခံလေ့ရှိသည်ဟုလည်း ကျောင်းသားအဖွဲ့ဘက်က ဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်ကလည်း တမူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) အနီးရှိ ရဲကင်းအား တမူး ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) လက်အောက်ခံ တပ်ခွဲ(၃) ကျောင်းသားတပ်ဖွဲ့ (BSO) က ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required