ယောက်ျားနှင့် သားကိုမတွေ့၍ ဇနီးဖြစ်သူကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး

ယောက်ျားနှင့် သားကိုမတွေ့၍ ဇနီးဖြစ်သူကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး

နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်၊ တံခွန်တိုင် ကျေးရွာရှိ ဒေါ်မြမြဝင်းကို ၎င်း၏ ယောက်ျား ဖြစ်သူနှင့် သားဖြစ်သူအား မတွေ့၍ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၉ ရက် နံနက် ၁ နာရီ မိနစ် ၃၀ ခန့်တွင် ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

"အဓိက ကတော့ ရွာက ဒလန်ရဲ့ မဟုတ်မမှန် သတင်းပေးမှုကြောင့် အပြစ်မဲ့တဲ့ ရွာသူ အမျိူးသမီးဟာ လူ့အခွင့်အရေးကို အပြည့်အဝ ချိူးဖောက် ခံလိုက်ရတာပေါ့ဗျာ။ ဒေါ်မြမြဝင်းရဲ့ အမျိူးသားနဲ့ သူ့သားကလည်း အိမ်မှာ မရှိကြဘူးဗျ။ သူတို့လည်း ရှောင်နေရတာကြာပြီ။ အမျိူးသမီး တစ်ယောက် ရှိနေတဲ့ အိမ်ကို ည ၁ နာရီခွဲ အချိန်ကြီးမှာ ဝင်ရောက် လာတာကိုက မဖြစ်သင့်တဲ့ ကိစ္စပေါ့ဗျာ "ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်များက ၎င်းအား ရိုက်နှက်ဖမ်းဆီးသည့်အပြင် နေအိမ်အတွင်းမှ ပစ္စည်းများကိုလည်း ဖျက်ဆီးသွားသည်ဟု ဆိုသည်။

ဒေါ်မြမြဝင်း၏ အမျိုးသားနှင့် သားဖြစ်သူတို့သည် မကွေးမြို့နယ်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်သူများ ဖြစ်ခြင်းကြောင့် စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့က အလိုရှိနေခြင်း ဖြစ်သည်ဟု ဒေသခံများက ယုံကြည်ထားသည်။

"အိမ်ထောင်ဦးစီးနဲ့ သားမရှိတဲ့အချိန် ဝင်ရောက်စီးနင်းတာဟာ မဖြစ်သင့်တဲ့ကိစ္စ"ဟု ဒေသခံ နောက်တစ်ဦးကလည်း ပြောသည်။

လက်ရှိတွင် ဒေါ်မြမြဝင်းကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို မသိရသေးဘဲ မိသားစုဝင်များနှင့်လည်း အဆက်အသွယ် မရရှိသေးကြောင်း ၊ ၎င်းဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သို့ အကြောင်းကြားသွားမည်ဟု လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောသည်။

မကွေးမြို့နယ်အတွင်းမှ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများကို ဒလန်များ သတင်းပေးနေခြင်းကြောင့် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က စာရင်း အတိအကျဖြင့် လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ၊ဇော်မင်းထိုက်(ကျေးလက်မြေ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly