မတူပီမြို့ စစ်တပ်ရင်းတွင် အချင်းချင်းပစ်ခတ်၍ အရာရှိအပါ အဝင် ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

မတူပီမြို့ စစ်တပ်ရင်းတွင် အချင်းချင်းပစ်ခတ်၍ အရာရှိအပါ အဝင် ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
ဓာတ်ပုံ- (မတူပီမြို့)

နိုဝင်ဘာ ၂၉

ချင်းပြည်နယ်၊ မတူပီမြို့ရှိ အမှတ် (၁၄၀) စစ်ကောင်စီ အထိုင်တပ်ရင်းတွင် အချင်းချင်း ပစ်ခတ်မှု ဖြစ်၍ သုံးပွင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၂၆ ရက် ည ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ လက်ထောက် ဖြစ်သူ ကိုယ်ရေးအရာရှိတို့ နှစ်ဦး သေဆုံးသွားကာ ထိခိုက် ဒဏ်ရာရရှိသူ သုံးဦး တပ်တွင်းဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

“တပ်ထဲက သူတို့ အချင်းချင်း စိတ်ဝမ်းကွဲပြီးတော့ အချင်းချင်း ပစ်ခတ်မှုတွေ ဖြစ်တယ်။ သုံးပွင့် ဗိုလ်ကြီး အရာရှိနဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိပေါ့။ နှစ်ယောက်က ပွဲချင်းပြီး သေတယ်။ သုံးယောက်ကတော့ အခု တပ်ဆေးရုံမှာ ဆေးကုနေရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

မည်သည့်အတွက်ကြောင့် အချင်းချင်း ဖြစ်ပစ်ခတ်မှု ဖြစ်သည်ကိုမူ မသိရှိရကြောင်း ယင်း သတင်းရင်းမြစ်က ပြောသည်။ အာဏာသိမ်း စစ်ကောင်စီသည် တပ်တွင်း ပစ်ခတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်လေ့ မရှိသကဲ့သို့ မဇ္ဈိမအနေဖြင့်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ အမှတ် (၁၄၀) အထိုင် တပ်ရင်းနှင့် သုံးမိုင် ဝန်းကျင်ခန့်အကွာ ဖနိုင်နှင့် ခလိုင်ကျေးရွာ အကြားတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး တည်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် နံနက် ၆ နာရီခန့်ကလည်း ထိုခရိုင်ထွေအုပ်ရုံးအတွင်း တပ်စွဲထားသော အင်အား ၂၀ ဝန်းကျင်ရှိသည့် အာဏာသိမ်း စစ်ကောင်စီ တပ်သားများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးခြင်းနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly