တရုတ် မြေပြင်တပ်ဖွဲ့က လျစ်လျူရှုမှုကို ရင်ဆိုင်နေရသလား

တရုတ် မြေပြင်တပ်ဖွဲ့က လျစ်လျူရှုမှုကို ရင်ဆိုင်နေရသလား

တရုတ်စစ်တပ် (PLA) ၏ မြေပြင်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သည် ၉၇၅၀၀၀ ခန့် ရှိသော်လည်း တရုတ်နိုင်ငံက ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကြောင့် မြေပြင်တပ်ဖွဲ့၏ ခေတ်နှင့်အမီလိုက်နိုင်မှုမှာ နောက်ကျကျန်ရစ်လျက်ရှိသည်။ မြေပြင်တပ်ဖွဲ့အင်အားသည် PLA ၏အဖွဲ့ဝင် ၂ သန်း၏ ထက်ဝက်အောက် အနည်းငယ်လျော့သည်။

ပင်တဂွန်စစ်ဌာနချုပ်မှ နိုဝင်ဘာ ၃ရက်ကထုတ်ပြန်သော ၂၀၂၁ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပတ်သက်သော စစ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ဟူသော အစီရင်ခံစာ၌ PLA မြေပြင်တပ်ဖွဲ့သည် ၂၀၂၀ ခုနှစ်တွင် ယေဘုယျအားဖြင့် ခေတ်မီလက်နက်များနှင့်ယာဉ်များ ပံ့ပိုးပေးနေသည့် စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ် (mechanization ) ပြီးမြောက်ခဲ့သည်ဟု ဖော်ပြထားသည်။

သို့သော် အမေရိကန်ကွန်ဂရက်၏နှစ်ပတ်လည်အစီရင်ခံစာတွင် တရုတ်မြေပြင်တပ်ဖွဲ့သည် ခေတ်မီတိုးတက်ရေးနှင့်ပတ်သက်၍ PLA အတွင်း နောက်ကျကျန်နေသေးသည်ဟု ဆက်လက်ဖော်ပြထားသည်။

အင်အားကြီးမားသော ဗဟိုစစ်ကော်မရှင် (CMC) ၏ အကြီးအကဲ ဥက္ကဋ္ဌ ရှီကျင့်ဖျင်မှ ထုတ်ဖော်ပြောကြားထားသည့် အနာဂတ်ရည်မှန်းချက်များမှာ အခြေခံအားဖြင့် ၂၀၃၅ ခုနှစ်တွင် နိုင်ငံတော် ကာကွယ်ရေးနှင့် စစ်ဘက်ခေတ်မီရေးတို့ကို အပြီးသတ်ရန်နှင့် ၂၀၄၉ ခုနှစ်တွင် ကမ္ဘာ့အဆင့်မီစစ်တပ်ကို ပိုင်ဆိုင်ရန်ဖြစ်သည်။

တင့်ကားများ၊ ခြေလျင်တပ်တိုက်ခိုက်ရေးယာဉ်များ၊ အမြောက်များ စသည့် မြေပြင်တပ်ဖွဲ့၏ ၂၅-၃၅ ရာခိုင်နှုန်းသော လက်နက်ကိရိများသည် ခေတ်ဟောင်းလက်ကျန်ပစ္စည်းများဖြစ်နိုင်ကြောင်း PLA ဆိုင်ရာ ထင်ရှားသောကျွမ်းကျင်ပညာရှင်နှင့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပေကျင်းနှင့် ဟောင်ကောင်တွင် တာဝန်ထမ်းဆောင်ခဲ့သော အမေရိကန် ကာကွယ်ရေးသံမှူးဟောင်း ဒင်းနစ်ဘလက်စကိုက ခန့်မှန်းပြောဆိုခဲ့သည်။

ထို့ကြောင့် ဆိုဗီယက်ခေတ် လက်နက်ကိရိယာအားလုံးကို ဖယ်ရှားရန် ၂၀၃၅ ခုနှစ်အထိ အချိန်ယူရနိုင်ပေသည်။

၁၉၇၉ ခုနှစ်တွင် PLA သည် ဗီယက်နမ်နှင့် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး မအောင်မြင်ခဲ့ကတည်းက တိုက်ပွဲများ မဆင်နွှဲတော့သောကြောင့် PLA ၏ တိုက်ရည်ခိုက်ရည် တိုးတက်လာခြင်း ရှိမရှိကို အဆုံးအဖြတ်ပေးရန် လွန်စွာခက်ခဲသည်။

တရုတ်စစ်တပ်သည် ပြန်လည်သိမ်းယူထားသော သန္တာကျောက်တန်းများပေါ်တွင် စစ်အခြေစိုက်စခန်းများတည်ဆောက်ပြီး နိုင်ငံတကာရေပိုင်နက်ကိုဖြတ်၍ သို့မဟုတ် နိုင်ငံတကာ ရေပိုင်နက်ကိုဖြတ်သွားသည့် မည်သည့်နိုင်ငံခြားစစ်သင်္ဘော သို့မဟုတ် လေယာဉ်များကိုမဆို နောက်ယောင်ခံလိုက်သည့် တောင်တရုတ်ပင်လယ်တွင် ၎င်း၏အင်အား ပြသနေကာ အရှေ့တရုတ်ပင်လယ်တွင်လည်း ဂျပန်နှင့် အလားတူ လုပ်ဆောင်လျက်ရှိသည်။ အလားတူပင် တရုတ်သည် ထိုင်ဝမ်အား အညံ့ခံစေရေး ခြိမ်းခြောက်ရန် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်သို့ ပျံသန်းရန် ၎င်း၏လေတပ်ကို အသုံးပြုလျက်ရှိသည်။

မြေပြင်တပ်ဖွဲ့သည် ထိုသို့သော စိတ်လှုပ်ရှားဖွယ်လုပ်ရပ်မျိုးကို မလုပ်ဆောင်ရဘဲ ၎င်း၏အင်အားကို ပြရန် တစ်ခုတည်းသော အခွင့်အရေးမှာ အဓိကအားဖြင့် အိန္ဒိယနှင့် အငြင်းပွားနေသော နယ်စပ်ဒေသများ တစ်လျှောက်ပင် ဖြစ်သည်။

“သူတို့က တပ်ရင်းအဆင့်ကိုပဲ တွန်းအားပေးဖို့ လုပ်နေတာကြောင့် ကွဲလွဲမှုတွေ ရှိနေတာပါ။ တပ်ရင်းက လွတ်လပ်တဲ့ စစ်ဆင်ရေး လုပ်နိုင်တဲ့ အနိမ့်ဆုံးအဆင့် တပ်ဖွဲ့လို့ အခု သူတို့ ပြောကြတယ်။ တပ်ရင်းအဆင့်အထိ တာဝန်တွေ ဖိပေးနေပေမယ့် တပ်ရင်းမှူးတွေအတွက် စည်းစနစ်ကျတဲ့ တရားဝင် သင်တန်းတွေ အများကြီး အခုထိ မတွေ့ရသေးဘူး” ဟု အမေရိကန် ကြည်းတပ်စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဘလက်စကိုက ရှင်းပြသည်။

တရုတ်၏ ကုန်းမြေဗဟိုပြုသမိုင်းသည် စစ်တပ်အတွက် အလျင်အမြန် ပစ်ပယ်ရန် ခဲယဉ်းပေလိမ့်မည်။ ထို့အပြင် တပ်မတော်သည် နိုင်ငံရေးအဖွဲ့အစည်းအဖြစ် နှလုံးသွင်းထားဆဲဖြစ်ပြီး ယင်းအခြေအနေက တိုက်ခိုက်ရေးတပ်ဖွဲ့အနေဖြင့် ၎င်း၏စွမ်းဆောင်ရည်ကို ထိခိုက်စေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly